မြောက်ဥက္ကလာတွင် လုံခြုံရေးဘန်ကာလုပ်ထားသည့် နေရာနှစ်ခုအနီးတွင် ပေါက်ကွဲမှုများဖြစ်ပွားပြီး ရဲ(၂)ဦး ဒဏ်ရာရ

မြောက်ဥက္ကလာတွင် လုံခြုံရေးဘန်ကာလုပ်ထားသည့် နေရာနှစ်ခုအနီးတွင် ပေါက်ကွဲမှုများဖြစ်ပွားပြီး ရဲ(၂)ဦး ဒဏ်ရာရ
ဇန်နဝါရီ 5, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း အာဏာသိမ်းအဖွဲ့က သဲအိတ်အကာအရံများဖြင့် လုံခြုံရေးဘန်ကာလုပ်ထားသည့် နေရာ (၂) ခုတွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၌ ပေါက်ကွဲမှုများ ဖြစ်ပွားပြီး အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ရဲ (၂) ယောက် ဗုံးစထိမှန်သွားကြောင်း  ဒေသခံများထံမှ သိရသည်။

မြောက်ဥက္ကလာ (၂) ရပ်ကွက် အုပ်ချုပ်ရေးရုံးရှေ့တွင် ယနေ့ နံနက် (၆) နာရီမထိုးမီက ပေါက်ကွဲမှုဖြစ်ပွားရာ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက လာရောက်စစ်ဆေးစဉ်အတွင်း နောက်ထပ် ထပ်မံပေါက်ကွဲမှုဖြစ်ပွား၍ ရဲ (၂) ဦး ဒဏ်ရာရသွားခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနောက် နေ့လယ် (၁၁)နာရီဝန်းကျင်တွင်  ကန်သာယာပန်းခြံရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားရာ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက ပန်းခြံကိုပိတ်ချလိုက်ပြီး စစ်ဆေးသဖြင့် ပန်းခြံတွင်း ပိတ်မိနေသူများရှိခဲ့ကြောင်း သိရသည်။

ဝေဇယန္တာလမ်းပေါ်မှာ ပိတ်မိနေတယ်။ ခေမာသီလမ်းအထိကို ဟိုဘက်မီးပွင့်နဲ့ ဒီဘက်မီးပွိင့်ကို ပိတ်ချထားတယ်။ အခုကတော့ လမ်းပြန်ဖွင့်ပေးနေပြီ။

ဟု လမ်းတွင်ပိတ်မိ‌နေခဲ့သူတစ်ဦးက Tachileik News Agency သို့ပြောသည်။

ယနေ့တွင် ရန်ကုန်အတွင်းရှိ မြို့နယ်အချို့တွင်လည်း ဗုံးများဆက်တိုက်ကွဲကာ အာဏာသိမ်းစစ်တပ်ဘက်မှ သေဆုံးမှုများလည်း ရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။