စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ အခြေအနေ ကပ်ဘေးဆိုးထဲကျနေပြီဟု ကုလသမဂ္ဂပြော

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ အခြေအနေ ကပ်ဘေးဆိုးထဲကျနေပြီဟု ကုလသမဂ္ဂပြော
ဇန်နဝါရီ 28, 2023 | 2021 Military Coup
By Mr John

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် (၂) နှစ်နီးပါးအကြာတွင် မြန်မာနိုင်ငံမှာ ကပ်ဘေးဆိုးထဲ ကျရောက်နေခဲ့ပြီဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအဆိုင်ရာ အကြီးအကဲက ပြောကြားလိုက်ပြီး စစ်တပ်အနေဖြင့် အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးရန် တောင်းဆိုလိုက်သည်။ 

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် တိုင်းတာ၍ ရသမျှ နယ်ပယ်အားလုံးနီးပါးနှင့် လူ့အခွင့်အရေးပိုင်းမှာ အကြီးအကျယ် ဆုတ်ယုတ်သွားခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။

"စစ်တပ်က အရပ်သားတွေကို ကာကွယ်ပေးဖို့ ဥပဒေအရ တာဝန်ရှိပေမဲ့ နိုင်ငံတကာဥပဒေနဲ့ သက်ဆိုင်တဲ့ စည်းမျဥ်းတွေကို တစ်ချိန်လုံး လစ်လျူရှုနေခဲ့တယ်။ အရပ်သားတွေက တိုက်ခိုက်မှုတွေရဲ့ တကယ့်ပစ်မှတ်တွေ ဖြစ်နေခဲ့တယ်။ စစ်တပ်ရဲ့ မဆင်မခြင် လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ တရားလက်လွတ် ကွပ်မျက်မှုတွေ၊ ညှဥ်ပန်းနှိပ်စက်မှုတွေနဲ့ ရွာလုံးကျွတ် မီးရှို့မှုတွေမှာ အရပ်သားတွေက သားကောင်တွေ ဖြစ်ခဲ့ကြရတယ်" ဟု ၎င်းဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ပျူစောထီးကဲ့သို့ ၎င်း၏လက်အောက်ခံအဖွဲ့များ လက်ချက်ကြောင့် လူ (၂,၈၉၀) ဦး သေဆုံးခဲ့ကြောင်း ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ပြောသည်။ 

ထိုသို့ သေဆုံးခဲ့သူများအနက် အနည်းဆုံး (၇၆၇) ဦးမှာ ကနဦးတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများ ဖြစ်သည်ဟု ဆိုသည်။

စစ်တပ်က ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ အရပ်သားအစိုးရခေါင်းဆောင်များနှင့် အခြား လူ (၁၆,၀၀၀) ကျော်ကိုလည်း ဖမ်းဆီးချုပ်နှောင်ထားကြောင်း ကုလသမဂ္ဂက လူ့အခွင့်အရေးရုံးက ပြောသည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ပင် နေအိမ်စွန့်ခွာရွှေပြောင်းရသူ (၁.၂) သန်းရှိလာခဲ့ကြောင်းနှင့် လူ (၇၀,၀၀၀) ကျော် နိုင်ငံမှ ထွက်ခွာသွားခဲ့ကြကြောင်းလည်း သိရသည်။

Source: AFP