ပုလဲမြို့နယ်အတွင်းရှိ တောင်ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ် ဒုတိယအကြိမ်မီးထပ်ရှို့

ပုလဲမြို့နယ်အတွင်းရှိ တောင်ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ် ဒုတိယအကြိမ်မီးထပ်ရှို့
ဖေဖော်ဝါရီ 29, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် တောင်ရွာသစ်ရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ‌၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် အောင်ချမ်းသာကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ပြီးနောက် ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် သာစည်ကျေးရွာနှင့် တောင်ရွာသစ်ကျေးရွာတို့ကို ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို ကန့်ဒေါင့်အထိုင်စခန်းမှ စစ်ကောင်စီတပ်သားများက လာရောက်ယူဆောင်သွားသည်ဟု သိရသည်။

ထို့နောက် အောင်ချမ်းသာရွာတွင် ညအိပ်တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်သည် တောင်ရွာသစ်ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီး သွားသည်ဟု ဆိုသည်။

တောင်ရွာသစ်ကျေးရွာသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်များ၏ ပထမအကြိမ်မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။  

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးခြင်းကြောင့် ဒေသခံများ စစ်ဘေး‌ရှောင်နေကြရသည့်အပြင် အိုးအိမ်များ ပျက်စီးဆုံးရှုံးသွားကြသဖြင့် နေထိုင်ရန် အခက်အခဲဖြစ်နေသည်ဟု သိရသည်။

ပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းများကို အလေးထားအာရုံစိုက်ကာ ပိုင်ဆိုင်သော အရေးကြီးစာရွက်စာတမ်းများနှင့် စုဆောင်းထားသော ပစ္စည်းဥစ္စာများကို တပါတည်းယူဆောင်၍ စစ်ရှောင်ရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အသိပေးတိုက် တွန်းထားသည်။

#TachileikNewsAgency

Photo: ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့