မုံရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများထွက်ပြေး၊ ဘုတလင်တွင် ရဲတစ်ဦး ပစ်ခံရသဖြင့် ဈေးကို စစ်ကောင်စီတပ်မီးရှို့

မုံရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများထွက်ပြေး၊ ဘုတလင်တွင် ရဲတစ်ဦး ပစ်ခံရသဖြင့် ဈေးကို စစ်ကောင်စီတပ်မီးရှို့
ဖေဖော်ဝါရီ 26, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မရိုးတောတောင်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် ခဲယမ်းနှင့် စစ်သုံးပစ္စည်းများကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်များ ကိုင်းရွာဘက်သို့ ထွက်ပြေးသွားသည်ဟု ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။ 

စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် ပြည်သူကာကွယ်ရေးတပ်က နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သားများ၏ (၅.၅၆)မမကျည် အတောင့်(၅၀၀)၊ ယူနီဖောင်း(၈)စုံ၊ လက်ကိုင်ဖုန်းတစ်လုံး၊ ကျောပိုးအိတ်(၇)လုံး၊ ငွေ(၅၀၀၀၀)ကျပ်၊ ဓား‌မြှောင် (၂)လက်၊ ဓားရှည်တစ်လက်၊ ခြင်းကြားတစ်လုံး၊ ဟန်းကောချိုင့် (၃)လုံးနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Brothersအဖွဲ့၊ မုံရွာခရိုင် အမှတ်(၁၄) မဟာဗန္ဓုလတပ်ရင်းနှင့် အထူးကွန်မန်ဒို ကျော်ကြီးတပ်စိပ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ဘုတလင်မြို့ပေါ်ရှိ ဈေးသို့ ယနေ့နံနက်ပိုင်းက ဈေးလာဝယ်သည့် ရဲတပ်သားကျော်ကိုကိုခန့် ပစ်သတ်ခံရသဖြင့် စစ်ကောင်စီတပ်က ဈေးကို မီးရှို့နေသည်ဟုလည်း ဒေသခံများထံမှ သိရသည်။ 

ရဲတပ်သားပစ်ခတ်ခံရသဖြင့် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်ရာ ဘုန်းကြီးတစ်ပါးနှင့် အရပ်သား(၁၅)ဦးခန့် ကျည်ထိမှန် ဒဏ်ရာရကြောင်း သိရသည်။ 

ဘုတလင်မြို့မဈေးကို စစ်ကောင်စီတပ်က၂၀၂၃ခုနှစ် မတ်လ(၃) ရက်နေ့ကလည်း မီးရှို့ခဲ့ခြင်းကြောင့် ဈေးဆိုင်အခန်း(၂၀)ကျော်မီး လောင်ဆုံးရှုံးခဲ့ရသည်။

#TachileikNewsAgency

Photo: ကနီသားများ၏ ရင်တွင်းအသံ