စစ်ခေါင်းဆောင်နှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံ

စစ်ခေါင်းဆောင်နှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံ
ဖေဖော်ဝါရီ 20, 2024 | 2021 Military Coup

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံက ပါဝင်ဆောင်ရွက်နေသည့် အခြေအနေများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr.Wang Yuboတို့ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ 

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံအကြား နိုင်ငံရေးပိုင်းဆိုင်ရာ ယုံကြည်မှု ပိုမိုတိုးတက်လာစေရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်ရေး အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

ထို့အပြင် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်နိုင်ငံကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ဒေသကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လာစေရေး၊ နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသတွင် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများပပျောက်စေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

စစ်ခေါင်းဆောင်သည် တရုတ်အပြင် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့်လည်း ယနေ့တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။

#TachileikNewsAgency