နိုင်ငံအား ထိန်းချုပ်နိုင်ကြောင်း အမြဲပြသချင်နေသည့် မင်းအောင်လှိုင်က သင်္ကြန်ကာလနီးချိန်တွင် လူဦးရေ (၄၀၀)အထိ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်

နိုင်ငံအား ထိန်းချုပ်နိုင်ကြောင်း အမြဲပြသချင်နေသည့် မင်းအောင်လှိုင်က သင်္ကြန်ကာလနီးချိန်တွင် လူဦးရေ (၄၀၀)အထိ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်

လူဦးရေ (၂၀၀)ထက်ပို၍ မစုဝေးရ အမိန့်ထုတ်သော်လည်း သတ်မှတ်ချက်ကို ချိုးဖော်ကာ  ဗိုလ်ရှုခံကျင်းပခဲ့သည့် အာဏာသိမ်းစစ်ကောင်စီက COVID 19 ပိုးတွေ့လူနာတွေ့ရှိနှုန်း ကျဆင်းလာ၍ ၂၀၂၂ ခုနှစ် မတ်လ (၁၆)ရက်နေ့မှစ၍ လူဦးရေ (၄၀၀)အထိ စုဝေးခွင့်ပြုသည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။

COVID 19 ဒုတိယလှိုင်းအတွင်း ကုသကာကွယ်ရေးကို ထိန်းချုပ်နိုင်ခြင်း မရှိသည့် အာဏာသိမ်းစစ်ကောင်စီလက်အောက်မှ ကျန်းမာရေးဝန်ကြီးဌာနက COVID 19 ကာကွယ်ထိန်းချုပ်ရေးဟုဆိုကာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက လူ(၅၀)အစား လူ(၁၀၀)ထက်ပိုစုဝေးခွင့်မရှိ၊ သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လူ(၂၀၀) အထိ စုဝေးခွင့်ပြုသသည်ဟု ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် သင်္ကြန်ကာလနီးလာချိန်တွင် အဆိုပါ ကန့်သတ်ချက်အစား လူဦးရေ (၄၀၀) အထိ စုဝေးခွင့်ပြုသည်ဟု ထုတ်ပြန်လာရာ အာဏာသိမ်းခြင်းအား ဆန့်ကျင်မှုများကို ထိန်းချုပ်နိုင်ပြီဟု ပြသရန် အမြဲကြိုးစားနေသည့် အာဏာသိမ်းစစ်ကောင်စီက သင်္ကြန်ပွဲတော်ကိုကျင်းပရန် ကြိုးစားရန်အတွက် ပြင်ဆင်သတ်မှတ်ခြင်းဖြစ်နိုင်သည်ဟု ပြည်သူများက ခန့်မှန်းနေကြသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် Covid-19 ကာကွယ်ရန် လူစုလူဝေး သတ်မှတ်ချက်များနှင့် ပတ်သက်၍ မည်သို့ပင် ထုတ်ပြန်ထားစေကာမှု ၎င်းဦးဆောင်သည့် ပွဲလမ်းသဘင်အခမ်းအနားများတွင် Covid-19 ကာလအတွင်း သတ်မှတ်လူဦးရေထက် အမြဲကျော်လွန်နေလေ့ရှိသည်ကို တွေ့နေရပြီး ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ကျင်းပခဲ့သည့်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့  ဗိုလ်ရှုသဘင်အခမ်းအနားတွင် လူဦးရေ သောင်းနှင့်ချီ ကျင်းပခဲ့သည်။

#TachileikNewsAgency