ကလေး PDF ၏ တပ်ရင်း(၃)ကို စစ်ကောင်စီတပ် ဝင်စီးခံရ

ကလေး PDF ၏ တပ်ရင်း(၃)ကို စစ်ကောင်စီတပ် ဝင်စီးခံရ
ဧပြီ 13, 2022 | အခြားဒေသများ

စစ်‌ကိုင်းတိုင်း၊ ကလေးမြို့၊ PDF Kalay တပ်ရင်း(၃)၏ အခြေစိုက်စခန်းကို အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းသဖြင့် တပ်စခန်းကို စွန့်လွှတ်လိုက်ရ ကြောင်း ကလေး PDF  ယနေ့ဧပြီလ(၁၃)ရက်တွင် ထုတ်ပြန်လာသည်။

 ဧပြီလ(၁၂)ရက်နေ့ နံနက်ပိုင်းက ကလေးမြို့နယ်၊ အနောက်မြောက်ပိုင်းတစ်နေရာရှိ  PDF (Kalay) တပ်ရင်း (၃) အခြေစိုက်စခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက အင်အား(၁၅၀) ဝန်းကျင်ဖြင့် လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ကာ ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

လက်နက်အင်အားခြင်းမမျှသဖြင့် စခန်းမှဆုတ်ခွာခဲ့ရပြီး စခန်းဝင်ရောက်စီးနင်းခံရစဉ် PDF (Kalay) တပ်ဖွဲ့၀င်များနှင့်အတူ ခုခံတိုက်ပွဲ၀င်ရင်း ပ.က.ဖ အဖွဲ့၀င်(၁)ဦးကျဆုံးခဲ့ရကာ စစ်ကောင်စီ တပ်သားများလည်း စခန်းပတ်လည်ရှိ မိုင်းများကြောင်း သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

 

၎င်းစစ်ကောင်စီတပ်များသည် ယနေ့ဧပြီလ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့နယ် အနောက်မြောက်ပိုင်း ပြည်တော်သာရွာဘက်သို့ဦးတည်၍ မိုင်နွဲ့ရွာဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ကျောင်းတိုက်ရွာနှင့် ဆည်တော်ဦးရွာများဘက်မှ တဆင့် စစ်ကြောင်းတစ်ကြောင်း အင်အား(၃၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသဖြင့်   ပြည်တော်သာရွာအနီး၌ PDF (Kalay) ၊ Zomi PDF ၊ PDA ၊ CNDF ၊ CDM (Siyin) ၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း PDF (Kalay)မှ တပ်ဖွဲ့၀င်(၃)ဦးကျဆုံးကာ စစ်ကောင်စီတပ်ဘက်မှ (၅)ဦး သေကြောင်း နှင့် ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် နန်းချောင်းရွာဘက်မှတဆင့် ဆည်တော်ဦး ကျောင်းတိုက်ရွာဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုကို လက်တုန့်ပြန်သည့် အနေဖြင့် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် တောင်ဇလပ်ရပ်ကွက်ရှိ ခရိုင်ထွေအုပ်ရုံးကို ယနေ့ညနေပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)နှင့် ထောက်ပို့တပ်အတွင်းသို့ ၄၀၊ ၆၀၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင်း စစ်ကောင်စီတပ်သား(၅)ဦးခန့်သေဆုံး နိုင်ကြောင်း ထုတ်ပြန်ထားသည်။