နယ်စပ်ဖြတ်သန်း သွားလာသူများ မှတ်ပုံတင်အပြင် UID လက်မှတ် ပါမှသာ နယ်စပ်ဖြတ်သန်း လက်မှတ်များ ပြုလုပ်ပေးတော့မည်ဟု စစ်ကောင်စီက အသိပေး ကြေညာ 

နယ်စပ်ဖြတ်သန်း သွားလာသူများ မှတ်ပုံတင်အပြင် UID လက်မှတ် ပါမှသာ နယ်စပ်ဖြတ်သန်း လက်မှတ်များ ပြုလုပ်ပေးတော့မည်ဟု စစ်ကောင်စီက အသိပေး ကြေညာ 

 မြန်မာနိုင်ငံသားများ နယ်စပ်ဖြတ်ကျော်လိုပါက အီလက်ထရောနစ် မှတ်ပုံတင်စနစ်(UID)ပါမှသာ ဝင် ထွက်ခွင့် ပြုတော့မည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၄)ရက်နေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့  နယ်စပ် ဝင်ပေါက် ထွက်ပေါက်ကနေ သွားလာမည် ဆိုပါက Unique Identity Number - UID လက်မှတ်ပါရှိမှသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)၊ တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(PB)တို့ကို ထုတ်ပေးတော့မည်ဟု ဆိုသည်။

နယ်စပ်ဂိတ်များသို့ TBP၊ BP လက်မှတ် လာရောက် လျှောက်ထားသူများသည် မှတ်ပုံတင်နှင့်အတူ UID စာရွက်ကို လည်းယူဆောင် လာရမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

နယ်စပ်ဂိတ်ဖြတ်ကျော်လိုသူများသည် ၂၀၂၄ခုနှစ် မေလ(၁)ရက်နေ့ကစတင်၍  UID စာရွက်ပါမှသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၏ (TBP)၊ တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP) လက်မှတ်ထုတ်ပေး၍ နယ်စပ် ဖြတ်သန်းခွင့်ပြုမည်ဟု သိရသည်။

UID လက်မှတ်မှာ အသက်(၁၀)နှစ်အထက် ရှိသူများအား အီလက်တရောနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ နှင့် ဇီဝအချက် အလက်များကို ကောက်ယူမှတ်ပုံတင်ထားသော ဂဏန်း (၁၀)လုံးပါရှိသည့် လက်မှတ်ဖြစ်သည်။

ထို့အပြင် ပြည်တွင်း ခရီးသွားလာခြင်း၊ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) လုပ်ဆောင်ခြင်းတို့တွင်လည်း UID လက်မှတ်ပါရမည်ဖြစ် ကြောင်း စစ်ကောင်စီက မတ်လအတွင်းက ထုတ်ပြန်ထားသည်။

လတ်တလော၌ မြန်မာ - ထိုင်းနယ်စပ်ဒေဿ တာချီလိတ်မြို့တွင် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP)လက်မှတ်များကို ပြုလုပ်ပေးရာတွင် UID မတောင်းသေးသော်လည်း တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP)နှင့် ပတ်သက်၍   UID ပါမှသာ သက်တမ်းတိုးပေးခြင်း သို့မဟုတ် အသစ်ပြုလုပ်ပေးခြင်းများ ပြုလုပ်ပေးနေကြောင်း သိရသည်။