ကိုးကန့်နှင့် ကွမ်းလုံရှိ စစ်ကောင်စီတပ်စခန်းများ MNDAA ယနေ့ထပ်သိမ်း၊ ထွက်ပြေး စစ်ကောင်စီတပ်သားများလည်း ဖမ်းဆီးရမိ

ကိုးကန့်နှင့် ကွမ်းလုံရှိ စစ်ကောင်စီတပ်စခန်းများ MNDAA ယနေ့ထပ်သိမ်း၊ ထွက်ပြေး စစ်ကောင်စီတပ်သားများလည်း ဖမ်းဆီးရမိ
နိုဝင်ဘာ 2, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ရှမ်းထုတ်ကျိုင့်၊ ဟုန်နီထန်နှင့် ကွမ်းလုံ အနောက်ဘက် တောင်ကုန်းစခန်းများကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့တွင် တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။

တုန်ရှမ်းဒေသ ရှမ်းထုတ်ကျိုင့်ရွာနှင့် ဟုန်နီထန်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းယူခဲ့ရာ စစ်ကောင်စီတပ်သား (၆)ဦး သေပြီး စစ်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများမှာ ရိုင်ဖယ် (၇)လက်၊ (၁၀၀)မမ စိန်ပြောင်း (၃)လက် ၊ 12.7 mm စက်လက် (၃)လက်၊ Grenade Launcher (၃)လက်၊ MG3 စက်လက် (၃)လက် ၊ ၆၀မမ စိန်ပြောင်း (၁)လက် စသည့်စစ်ရေးပစ္စည်းများဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်တော်စံစခန်းမှ ထွက်ပြေးခဲ့ကြသော စစ်ကောင်စီ တပ်ပြေးများကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ယနေ့တွင်ပင် ဟုန်နီထန်ရွာအနီးရှိ စစ်ကောင်စီ၏ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ရာ သိမ်းယူခဲ့ပြီး စစ်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ကွမ်းလုံအနောက်ဘက်တောင်ကုန်းရှိ စစ်ကောင်စီစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ရာ  ထပ်မံသိမ်းယူနိုင်ခဲ့သည့်အပြင် 

သိန္နီမြို့ဘက်တွင်လည်း မိုင်းတင်လက်ဖက်တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယနေ့အထိ ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း စုစုပေါင်း (၉၂)ခု သိမ်းယူရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : The Kokang