ရခိုင်ပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် အမိန့်ပေးခဲ့သူ၊ ကိုယ်တိုင်ကျူးလွန်သူများကို အပြစ်ပေးမည်ဟု AA ထုတ်ပြန်၊ ကျန်ရှိစစ်ကောင်စီတပ်သားများ ဆက်လက်ကျူးလွန်နေမည်ဆိုက လုပ်သင့်လုပ်ထိုက်သည့် ပြင်း ထန်ပြတ်သားသော တုံပြန်မှုများကို လုပ်သွားမည်ဟုဆို

ရခိုင်ပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် အမိန့်ပေးခဲ့သူ၊ ကိုယ်တိုင်ကျူးလွန်သူများကို အပြစ်ပေးမည်ဟု AA ထုတ်ပြန်၊ ကျန်ရှိစစ်ကောင်စီတပ်သားများ ဆက်လက်ကျူးလွန်နေမည်ဆိုက လုပ်သင့်လုပ်ထိုက်သည့် ပြင်း ထန်ပြတ်သားသော တုံပြန်မှုများကို လုပ်သွားမည်ဟုဆို
ဖေဖော်ဝါရီ 20, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် အမိန့်ပေးခဲ့သော၊ အထက်အရာရှိကြီးများ၏အမိန့်ကို အကောင်အထည်ဖော်ပြီး လူသတ်မှုကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများထဲတွင် အဆိုပါစစ်ကောင်စီတပ်သားများပါဝင်နေသဖြင့် ၎င်းတို့ကို စစ်ခုံရုံးတင်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ မတရားသဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသော မိသားစုဝင်များ၏ နစ်နာမှု၊ တရားမျှတမှုတို့ကို ရရှိနိုင်ရေးတို့အတွက် စစ်ရာဇဝတ်ကျူးလွန်သူများကို ဥပဒေနှင့်အညီ တရားနည်းလမ်းကျကျ စစ်ဆေးအပြစ်ပေးအရေးယူမည်ဟု ဆိုသည်။

ထို့အပြင် စစ်ရှုံးစစ်ကောင်စီသည် စစ်သားပီသစွာဖြင့် စစ်မြေပြင်တွင် တိုက်ခိုက်ရမည့်အစား အရပ်သားပြည်သူလူထုများကို သူရဲဘောကြောင်စွာ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ အချုပ်သားများ၊ အကျဉ်းသားများကို လူသတ်အလောင်းဖျောက်ခြင်း အစရှိသော စစ်ရာဇဝတ်မှုများကို ရှောင်ရှားရပ်တန့်ရန်လည်း စစ်ကောင်စီတပ်သားများကို AAက သတိပေးထားသည်။

ယင်းသို့ရှောင်ရှားရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နေမည်ဆိုက လုပ်သင့်လုပ်ထိုက်သည့် ပြင်းထန်ပြတ်သားသော တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

ရက္ခိုင့်တပ်တော်သည် ပလက်ဝဒေသစစ်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် ထောင်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို စစ်သုံ့ပန်းဥပဒေ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk