ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီဆွေးနွေးမှုရလဒ် မြန်မာရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်နိုင်ငံသားများကို ကာကွယ်ပေးရမည်ဟု နှစ်ဖက်လုံး ကတိပြုရ

ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီဆွေးနွေးမှုရလဒ် မြန်မာရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်နိုင်ငံသားများကို ကာကွယ်ပေးရမည်ဟု နှစ်ဖက်လုံး ကတိပြုရ
ဇန်နဝါရီ 12, 2024 | 2021 Military Coup| ရှမ်းမြောက်

မြောက်ပိုင်းညီနောင် မဟာမိတ်(၃)ဖွဲ့ စစ်ကောင်စီတို့ တွေ့ဆုံမှုရလဒ်တွင် မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်နိုင်ငံသားများကို ကာကွယ်ပေးရမည့်အချက် ပါဝင်လာကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် စစ်ကောင်စီသည် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲရလဒ်အရ နှစ်ဦးနှစ်ဖက်မှ ချက်ချင်းအပစ်အခတ်ရပ်စဲရေး၊ စစ်ရေးတပ်ဖွဲ့ဝင်အချင်းချင်းကြား ထိတွေ့မှု မရှိစေရေး၊ အငြင်းပွားမှုများနှင့် လိုလားချက်များကို ငြိမ်းချမ်းသည့် တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့်အချက်များအပေါ် သဘောတူညီမှုများရရှိခဲ့ကြသည်ဟု သိရသည်။

ထို့အတူ တရုတ်နိုင်ငံ၏ မြန်မာပြည်ရှိ ရင်းနှီးမြှုပ်နှံ့မှုနှင့် တရုတ်နိုင်ငံသားများ၏ အသက်အန္တရာယ်များ အကာအကွယ်ပေးရန် ကတိကဝတ်ပြုခဲ့ကြသည်ဟု ဆိုသည်။

အပစ်အခတ်ရပ်စဲပြီးနောက် နှစ်ဦးနှစ်ဖက်မှ အခြေအနေလိုအပ်ချက်အရ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပပြီး အခြားကိစ္စများ ထပ်မံညှိနှိုင်း ဆွေးနွေးသွားမည်ဟုလည်း MNDAAက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၅)ရက်နေ့က တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr.Sun Weidong မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ်နယ်စပ်တည်ငြိမ်ရေး တရုတ်ကို စစ်ခေါင်းဆောင်က အကူအညီတောင်းခဲ့သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် မြန်မာနိုင်ငံတွင်ရှိသည့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး၏ အကျိုးစီးပွားအတွက်ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင်လည်း အထောက်အကူဖြစ်စေရမည်ဟု တရုတ်ကို စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။ 

“မြေပြင်အခြေအနေမှာ တင်းမာမှုတွေပြေလျော့ပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အစပျိုးဖို့ မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေများ ပြန်လည်တည်ငြိမ်စေဖို့ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ပြောကြားခဲ့တာရှိပါတယ်။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြောဆိုသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း (၃၀၀)ဝန်းကျင်နှင့် ကိုးကန့်ဒေသ၊ တအာင်းဒေသများမှ မြို့ပေါင်း(၂၀)ဝန်းကျင်ကို TNLAနှင့် MNDAAတပ်များက သိမ်းပိုက်ထားသည်။

#TachileikNewsAgency