အပြည်ပြည်ဆိုင်ရာ လားဟူနှစ်သစ်ကူးပွဲ‌တော်ကို ထိုင်းဝန်ကြီးချုပ်တက်ရောက်

အပြည်ပြည်ဆိုင်ရာ လားဟူနှစ်သစ်ကူးပွဲ‌တော်ကို ထိုင်းဝန်ကြီးချုပ်တက်ရောက်
ဇန်နဝါရီ 12, 2024 | အခြားဒေသများ

ပထမဆုံးအကြိမ်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ လားဟူနှစ်သစ်ကူးပွဲ‌တော်ကို ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် Srettha Thavisinလည်း တက်ရောက်ခဲ့သည်။

အဆိုပါပွဲကို မြန်မာ၊ ထိုင်း၊ တရုတ်၊ အမေရိကား၊ ဩစတေးလျ၊ လာအို၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့မှ လားဟူလူမျိုး(၅၀၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါပွဲကို ကျင်းပပြုလုပ်ရန် တစ်နှစ်အချိန်ယူခဲ့ရပြီး ထိုင်းနိုင်ငံမှ ကူညီပေးခဲ့ပြီး နိုင်ငံတိုင်း လာရောက်ရန်လွယ်ကူခြင်းကြောင့် ချင်းမိုင်မြို့တွင် ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင်ပြုလုပ်ခြင်းကြောင့် သက်ဆိုင်ရာနိုင်ငံ၏ ဝန်ကြီးချုပ်ကို ဖိတ်ကြားရခြင်းဖြစ်ပြီး ဝန်ကြီးချုပ်က တောင်ပေါ်တိုင်းရင်းသားများကို လာရောက်အားပေးခဲ့ခြင်းဖြစ်သည်ဟုလည်း ပွဲစီစဉ်သူများက ပြောသည်။

“ဝန်ကြီးချုပ်က ကျွန်တော်တို့က တမြေတည်းဖွား၊ တမြေတည်းမွေးတဲ့ မိသားစုတိုင်းနိုင်ငံဖြစ်သလို နိုင်ငံတကာကလည်း လာရောက်ပြီးတော့ ကျွန်တော်တို့ စည်းစည်းလုံးလုံးမြင်ရတာ အရမ်းဂုဏ်ယူပါတယ်။ နောက်လာမယ့် အခက်အခဲတွေရှိရင် နိုင်ငံတော်ကိုတင်ပြဖို့၊ နိုင်ငံတော်က ဘယ်လိုပံ့ပိုးနိုင်မလဲ၊ တောင်ပေါ်ဒေသ မဖွံ့ဖြိုးသေးတဲ့နေရာတွေ ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရအောင်။”ဟု ပြောဆိုသွားကြောင်း ပွဲစီစဉ်သူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ယခင်နှစ်များက လားဟူလူမျိုးများသည် ရောက်ရှိနေသည့် မြို့၊ နိုင်ငံများတွင် ပွဲပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် နိုင်ငံပေါင်းစုံမှ လားဟူလူမျိုးများ ပူးပေါင်းပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်းအေးချမ်းပါက ပြုလုပ်သွားမည်ဟုဆိုသည်။

#TachileikNewsAgency