ရေနံချောင်းမြို့နယ်တွင် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

ရေနံချောင်းမြို့နယ်တွင် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

မကွေးတိုင်း ရေနံချောင်းမြို့နယ်၊ မကျည်းရိုး(ကုက္ကိုခွ)ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ရဲအင်အား(၅၀)ဝန်းကျင်ကို တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့ (၈)ဖွဲ့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၂)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသည်ဟု ရေနံချောင်း PDFက ဆိုသည်။

   

တိုက်ပွဲအတွင်း Chauk Guerrilla Force(CGF)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟုလည်း သိရသည်။

တိုက်ခိုက်မှုကို မကွေးခရိုင် အမှတ်(၂)တပ်ရင်း၊ ချောက် ပကဖ၊ Chauk Guerrilla Force(CGF)၊ ညောင်ဦးခရိုင် အမှတ် (၄)တပ်ရင်း၊ သရက်ခရိုင် အမှတ်(၃)တပ်ရင်း(ငါးပြေမ ပြောက်ကျားတပ်ဖွဲ့)၊ Chauk Revolution Army - ရေနံမြေအဖွဲ့၊ သရက်ခရိုင် အမှတ်(၁)တပ်ရင်း၊ မကွေးခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀)ရက်နေ့ကစပြီး ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် ခလရ (၁၃)၊ ခလရ (၇၇)နှင့် ဝါဇီတပ်များကို အဆိုပါတော်လှန်ရေးတပ်များက ဒီဇင်ဘာလ (၁)ရက်နေ့အထိ (၃)ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီယာဉ်တန်းကိုလည်း ပဒေသာမိုင်းဖြင့် တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူရှိပြီး မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

#TachileikNewsAgency