ဝက်လက်မြို့နယ်အရှေ့ပိုင်းဒေသအတွင်း အထိနာနေသည့် အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲပြီး အင်အားလည်း ထပ်ဖြည့်နေ  

ဝက်လက်မြို့နယ်အရှေ့ပိုင်းဒေသအတွင်း အထိနာနေသည့် အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲပြီး အင်အားလည်း ထပ်ဖြည့်နေ  
ဇန်နဝါရီ 3, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်းတွင် အာဏာသိမ်းစစ်တပ်က လှည့်ပတ် တိုက်ခိုက်နေမှုအတွင်း ၎င်းတို့ဘက်က အထိအခိုက်များလာ၍ ညောင်ပင်ကြီးတောရွာကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့တွင် စစ်ရဟတ်ယာဥ် (၃) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး အင်အားလည်း ထပ်ဖြည့်သွားကြောင်း သိရသည်။ 

ညနေ (၃) နာရီလောက်က (၃) စီးလာတယ်။ ပထမတစ်စီးက ဗုံးတွေ ဆက်တိုက်ပစ်တယ်။ ပြီးတော့ စစ်သားတွေ ဖြန့်ချသွားတယ်။

ဟု ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုနဂါးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသခံများမှာ ပြေးလွှားတိမ်းရှောင်နေရဆဲဖြစ်ပြီး ထိခိုက်၊ သေဆုံးမှုအခြေအနေကို မသိရသေးကြောင်း သိရသည်။

ယနေ့တွင် ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်သွားသည့်အပြင် ကျေးရွာ၏တောင်ဘက်ရှိ ကျေးရွာတွင် တပ်အင်အား ချထားခဲ့သည်ကို တွေ့ရသည့်အပြင် မန္တလေးတိုင်းဘက်မှ ရေကြောင်းဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်များဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ်အရှေ့ပိုင်းရှိ ဘုရားလေးကုန်းကျေးရွာတွင် တပ်စွဲနေသည့်စစ်တပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ပေါင်းစုံက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင်လည်း အာဏာသိမ်းစစ်တပ်ဘက်က အထထိအခိုက်အသေအဆုံးများခဲ့ပြီးနောက် စစ်ရဟတ်ယာဉ် (၂) စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ကိုလည်း တွေ့ရသည်။