တာချီလိတ်မြို့တွင် ဆိုင်ကယ်လုယက်သည့်အဖွဲ့က ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး လုယက်

တာချီလိတ်မြို့တွင် ဆိုင်ကယ်လုယက်သည့်အဖွဲ့က ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး လုယက်

 ခိုးဆိုးလုယက်မှုများ နေ့စဉ် နီးပါး အလွယ်တကူ ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် ဆိုင်ကယ်လုယက်မှုအတွင်း မရပ်ပေး၍ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေဆုံးမှု   ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် တာချီလိတ်စစ်ဗျူဟာတပ်အနီးနှင့် လေဆိပ်အနီး လမ်းပေါ်တွင် ၂၀၂၃ခုနှစ်  ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာဖြင့် ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။

"သိရသလောက်ကတော့ ဆိုင်ကယ်လုဖို့တားတာ မရပ်လို့ဆိုပြီး သေနတ်နဲ့ (၂)ချက် ပစ်လိုက်တာလို့ သိရတယ်။ သူက သိပ်သဘောကောင်းပြီး ရိုးသားတဲ့ လူငယ်တစ်ယောက်ပါ။ သူ့မှာလည်း (၁၁)လသားလောက်အရွယ် ကလေးငယ်တစ်ယောက်လည်းရှိတယ်။ တာချီလိတ်မှာ ဆိုင်ကယ်လုတဲ့အဖွဲ့တွေ အရမ်းအတင့်ရဲနေတယ်။ ညဖက် အလုပ်ပြန်ချိန်ဆိုလည်း ကိုယ့်အိမ်ကိုတောင် မပြန်ရဲဘူး။ တာချီလိတ်မှာတော့ ညဖက်ရယ်လို့လည်းမဟုတ်ဘူး။ နေ့တွေပါ ဖြစ်ပျက်နေတော့ အပြင်ထွက်ရင် အတော်သတိထားသွားလာနေရတယ်။"ဟု ၎င်း၏ သူငယ်ချင်းတစ်ဦးက Tachileik News Agency သို့ ပြောပြသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူမှာ အသက်(၂၅)နှစ်အရွယ် ကိုယောလှဆိုသူဖြစ်ပြီး ၎င်းသည် တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်း နမ့်ပိန်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လူ့အသက်ကို အန္တရာယ်ပြုပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်များမှာ များသောအားဖြင့် ဓါးဖြင့်ခုတ်သည့် လုယက်မှုအပြင် ယခုလို သေနတ်ဖြင့် ပစ်ခတ်ပြီး လုယက်သည့် ဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

"တာချီလိတ်မှာ ဆိုင်ကယ် လုတဲ့အဖွဲ့ရှိနေတာကို စရဖ တွေ ရဲတွေကလည်း သိတယ်။  သက်သက်လွတ်ထားပေးတဲ့ သဘောမျိုးဖြစ်နေတယ်။ ဒီလ ဒီဇင်ဘာလ(၄)ရက်နေ့ မနက်ပိုင်းကလည်း လူ(၆)ယောက်က အမျိုးသမီးတစ်ဦးကို ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ်လုတဲ့ ဖြစ်စဉ်ဆိုရင်လည်း အဲ့ဒီလူ (၆)ယောက် ဘယ်မှာနေတယ်ဆိုတာကို သိသူတွေက ရဲကိုပြောတော့လည်း သူတို့က စိတ်ဝင်တစား ဖမ်းဆီးအရေးယူပေးတာမျိုးမရှိဘူး။ ဒေသတွင်း သတင်း page တွေမှာလည်း ဒီလို သတင်းမျိုး မတင်ရဲဘူး တင်တာနဲ့ ရဲတို့ စရဖတို့က ဖုန်းဆက်ပြီး ပြန်ဖြုတ်ခိုင်းတာတွေရှိတယ်။ အခုလို ဖြစ်စဉ်မျိုး နေ့တိုင်းနီးပါး ကြားနေရတယ်"ဟု တာချီလိတ်မြို့မှ သတင်းလုပ်ငန်းလုပ်ကိုင်သည့် အမည်မဖော်လိုသူ တစ်ဦးက လက်ရှိ အခြေအနေများကို ပြောပြသည်။

တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယက်သည့် ဖြစ်စဉ်များကို လူအနည်းဆုံး (၂)ဦးအထက် အုပ်စုဖွဲ့ကာ လုပ်ဆောင်လေ့ရှိပြီး ၎င်းတို့သည် Mask များကို တပ်ထားကြခြင်း၊ ဆိုင်ကယ်စီးဦးထုပ် သို့မဟုတ် ရိုးရိုးဦးထုပ်များကို စောင်းတတ်လေ့ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး လုယက်မှုအများဆုံးဖြစ်ပွားသည့် နေရာများမှာ ပုန်းထွန်ရပ်ကွက် နှင့် ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင့်နောင်ပုဂ္ဂလိကဈေးဝန်းကျင်ရှိ လမ်းသွယ်များအပြင် ဆန်ဆိုင်းရပ်ကွက် နှင့် ဝိန်းကျောက်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက် အပြင် မယ်ခေါင်ရပ်ကွက်တို့တွင် အဖြစ်များကြောင်း နှင့် ဟောင်လိတ်မီးပွိုင့်လမ်းဆုံ နှင့် လေယာဉ်ကွင်းလမ်းဆုံ ဝန်းကျင်တို့တွင်လည်း အဖြစ်များကြောင်း သိရသည်။