တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းကို MNDAA သိမ်းပိုက်

တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းကို MNDAA သိမ်းပိုက်
နိုဝင်ဘာ 10, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်၏ လောက်ချွင်ပုနှင့် တာတုန်းစခန်းကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့တွင် MNDAAက ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တုန်းရှမ်းဒေသ တာတုန်းရှိ စစ်ကောင်စီစခန်းကို ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ကာ စခန်းအတွင်းရှိ စစ်ကောင်စီအဖွဲ့ဝင်များ  ထွက်ပြေးသွားသည်ဟု MNDAAထံမှ သိရသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင်ပင် MNDAAသည် ရှီယွင်ကြည်ရွာအနီး၊ လောက်ချွင်ပုတွင် ထွက်ပြေးတိမ်းရှောင်နေသော စစ်ကောင်စီတပ်ဖွဲ့များအား တိုက်ခိုက်ကာ လောက်ချွင်ပုကိုလည်း သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။ 

မူဆယ်မြို့နယ်တွင်လည်း စစ်ကောင်စီ၏ ၁၀၅မိုင် တပ်စခန်းမှ ယနေ့ နေ့လယ်ပိုင်းတွင် နမ့်ပန်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLAထံမှ သိရသည်။

ထို့အပြင် လားရှိုးမြို့ စစ်ကောင်စီတပ် ခလရ(၆၈) တပ်စခန်းမှ ယနေ့ နံနက်ပိုင်းမှ  ညနေပိုင်းအထိ မိုင်တင်ဘက်သို့ လက်နက်ကြီး (၁၀)ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းမှလည်း ယနေ့နံနက်ပိုင်းတွင် နာငင်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ မန်တုံမြို့နယ်၊ စစ်ကောင်စီတပ် ခိုမုန်းတပ်စခန်းမှ ယနေ့ နံနက်ပိုင်းတွင် ခိုမုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် (၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ပြင်ဦးလွင်မှ ကျောက်မဲသို့ Mi-17 ထောက်ပို့ရဟတ်ယာဥ်ဖြင့် လူနှင့် လက်နက်ခဲယမ်းများကို (၄)ကြိမ် သယ်ယူပို့ဆောင်ခဲ့သည်ဟုလည်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : The Kokang