မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ စစ်ကောင်စီတပ်များကို မဟာမိတ်တပ်များ ဝင်တိုက်နေ

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ စစ်ကောင်စီတပ်များကို မဟာမိတ်တပ်များ ဝင်တိုက်နေ
အောက်တိုဘာ 30, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်ဖွဲ့များကို မဟာမိတ်တပ်များက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ ညပိုင်းတွင် ဝင်ရောက်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းကစတင်ပြီး ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြား နမ့်ခိုင်စစ်ဆေးရေးဂိတ်တံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်စခန်းကို မဟာမိတ်တပ်များက လက်ရှိအချိန်ထိ ဝင်ရောက်တိုက်ခိုက်နေသည့်အပြင် ယခုညပိုင်းတွင်လည်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ စစ်ကောင်စီတပ်များကို မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။ 

“မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ထဲကို အခုဝင်ပစ်နေတာပေါ့။ မနေ့က စစ်ကောင်စီတပ်ရဲ့  ရှုခင်းသာစခန်းကို သိမ်းပြီးတော့ ဒီနေ့ နမ့်ခိုင်တံတားထိပ်မှာ စစ်ကောင်စီတပ်စခန်းရှိတယ်။ နည်းနည်းတော့ကြီးတယ်။ အဲဒီစခန်း ဝင်တိုက်နေချိန် ဒီညမှာ မူဆယ် ၁၀၅ မိုင်ထဲကို ဝင်ပစ်တာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် မူဆယ်၌ တိုက်ပွဲပြင်းထန်နေပြီး အသေးစိတ်အချက်အလက်ကို မသိရသေးသော်လည်း စစ်ကောင်စီတပ်ဘက်က ပစ်ကူသည့် လက်နက်ကြီးကျည် တရုတ်ပြည် ဝမ်တိန်ဒေသအတွင်းသို့ ကျရောက်သည်ဟု ဒေသခံများထံမှ သိရကာ Tachileik News Agencyအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပါ။

ယနေ့ နံနက်ပိုင်းက သိန္နီမြို့ ကွမ်လုံအထွက်ရှိ စစ်ကောင်စီတပ်များ စစ်ကူပို့နိုင်သည့် သိန္နီတံတားမှာ မိုင်းခွဲခံရကာ ကျိုးကျသွားခဲ့ပြီး လားရှိုး၊ မန္တလေးလမ်းမကြီးလည်း ပိတ်ထားရသည့်အခြေအနေဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ချင်းရွှေဟော်၊ လောက်ကိုင် လမ်းပိုင်းများလည်း အောက်တိုဘာလ (၂၇)ရက်နေ့ကစတင်ကာ ပိတ်ထားရသည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၇)ရက်နေ့က စတင်ကာ ညီနောင်မဟာမိတ်များက ၁၀၂၇ စစ်ဆင်ရေး ကြေညာပြီးနောက် လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

#TachileikNewsAgency