တာချီလိတ်မြို့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် (၇)ချက် ပစ်သတ်ခံရ

တာချီလိတ်မြို့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် (၇)ချက် ပစ်သတ်ခံရ

 

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ရာအိမ်မှူးတစ်ဦး ရပ်ကွက်ရုံးအနီး၌ သေနတ်ဖြင့် (၇)ချက် ပစ်သတ်ခံရမှု ဖြစ်ပွားကြောင်း သိရသည်။

တာချီလိတ်မြို့ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ရာအိမ်မှူးဖြစ်သူ ဦးစိုင်းရှဲန်(စိုင်းရှဲန်ကုလား)သည် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့ ည(၉)နာရီ ဝန်းကျင်အချိန်တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်း၊ တင်ပါးဆုံ၊ ခါး  နှင့် လက်တို့တွင် ကျည်(၇)ချက် ထိမှန်ကာ နေရာတွင် လဲကျ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှုနှင့် ပတ်သက်၍ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင်လည်း ပြီးခဲ့သည့် ဇွန်လ(၂)ရက်နေ့က စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်ဒုခေါင်းဆောင်ဖြစ်သူ ဦးကျိုင်းလာ ဆိုသူလည်း သေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သေးသည်။ 

တာချီလိတ်မြို့တွင် ငွေကြေးနှင့်အကျိုးစီးပွားကိစ္စများအရ ဖြစ်ပွားလေ့ရှိသည့် သေနတ်ဖြင့်ပစ်ခတ်သည့် လူသတ်မှုနှင့် ဒဏ်ရာရရှိမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာများက ဖမ်းဆီးရမိလေ့မရှိသော်လည်း စစ်တပ်ကို ဆန့်ကျင်သည့် ပစ်ခတ်မှုများကိုတော့ ဖမ်းဆီးလေ့ရှိသည်။