ဆောထိမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သား (၂)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရ

ဆောထိမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သား (၂)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ဆောထိမြို့နယ်အတွင်း ၂၀၂၃ခုနှစ် ဇွန်လ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့အတွင်း (၄)ရက်ဆက်တိုက် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သား(၂)ဦးသေဆုံးကာ ကလေးများအပါအဝင် (၇)ဦးဒဏ်ရာရကြောင်း KNUဗဟိုက ယနေ့ ဇွန်လ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ခုနှစ် ဇွန်လ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ ခလရ(၂၀)သည် သက်ကယ်ကုန်းကျေးရွာသို့ (၆၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာတွင်းရှိ ကလေးတစ်ဦးအပါအဝင် အမျိုးသမီး (၃)ဦး ထိမှန်ဒဏ်ရာရခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင်ပင် စစ်ကောင်စီတပ်သည် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ပဲသောင်ကျေးရွာနှင့် စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ သမင်အင်းကုန်းကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ပဲသောင်ကျေးရွာရှိ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေး (၂)ဦး ဒဏ်ရာရကာ သမင်အင်းကုန်းကျေးရွာရှိ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ဇွန်လ(၂၅)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သည် ပျဉ်ရေအနောက်ဘက်ကမ်းကျေးရွာကို (၁၂၀)မမ လက်နက်ကြီး (၇)လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဇွန်လ (၂၆)ရက်နေ့ နေ့လည်ပိုင်းတွင်လည်း ပျဥ်‌ရေအနောက်ဘက်ကမ်းကို လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ပြီး စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ကျွန်းကြီး၊ ထိုးဝါးစိုက်ကျေးရွာများသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လိန်ပင်ဝဲကျေးရွာနှင့် သစ်ဖရောင်းတန်းကျေးရွာတို့ကိုလည်း လက်နက်ကြီး(၄)လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဒါ့အပြင် ဇွန်လ (၂၇)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် ပုဇွန်မြောင်းကျေးရွာအတွင်းသို့ ကားနှစ်စီးနှင့် ဆိုင်ကယ်တချို့ဖြင့် အင်အား (၅၀)ကျော်ခန့် ဝင်ရောက်လာခဲ့ပြီး စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများအတွင်းသို့ (၈၁)မမ လက်နက်ကြီး (၁၃)လုံးခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ လက်နက်ကြီးများသည် ဝိုင်ကျွန်းကျေးရွာသို့ လက်နက်ကြီး (၆)လုံး၊ ပျဉ်ရေအရှေ့ဘက်ကမ်းကျေးရွာသို့ (၂)လုံး၊ သိုက်တူးကျေးရွာသို့ (၂)လုံး၊ သက်ကယ်ကုန်းကျေးရွာသို့ (၂)လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ပျဉ်ရေအရှေ့ဘက်ကမ်းကျေးရွာသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကြောင့် စောလေးစိုး၏ အိမ်ကိုထိမှန်သည့်အပြင် ၎င်းမှာလည်း ဦးခေါင်းထိမှန်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ ခလရ(၂၆၄)တပ်သည် ပြီးခဲ့သည့် ဇွန်လ (၂၁)ရက်နေ့မှ စတင်၍ လက်ရှိအချိန်အထိ ပိန်းဇလုပ်ဦ ကျောက်တံခါး၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကားလမ်းတစ်လျှောက်နှင့် အနီးအနား ကျေးရွာများမှ တစ်ဆင့် (၁၂၀)မမ လက်နက်ကြီးကို ကားဖြင့်တင်ဆောင်ပြီး ကေအဲန်ယူ ထိန်းချုပ်နယ်မြေများဖြစ်သည့် စစ်တောင်းမြစ် အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ လိုက်လံပစ်ခတ်နေခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : Karen National Union