စစ်တွေမြို့တွင် မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များအတွင်း ပိတ်မိနေသူများရှိနေ၍  ကယ်ဆယ်ရေး အကူအညီများ အရေးပေါ် လိုအပ်နေ

စစ်တွေမြို့တွင် မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များအတွင်း ပိတ်မိနေသူများရှိနေ၍  ကယ်ဆယ်ရေး အကူအညီများ အရေးပေါ် လိုအပ်နေ

 မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ ၂၀၂၃ခုနှစ် မေလ(၁၄)ရက်နေ့ ညနေ(၄)နာရီအချိန်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး မိုင် (၃၀) အကွာသို့ ရောက်လာပြီး စစ်တွေမြို့ အတွင်းသို့ ရေများဝင် ရောက်နေကာ ပိတ်မိနေသူများရှိသဖြင့် ကယ်ဆယ်ရေးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ယနေ့ ညနေ (၄)နာရီဝန်းကျင်အထိ အခြေအနေများ အရ စစ်တွေမြို့ရှိ ရပ်ကွက်များ အတွင်းသို့ ရေများအလုံးအရင်းဖြင့် ဝင်ရောက်လာနေပြီး ပိတ်မိနေ သူများ ရှိသဖြင့် ကယ်ဆယ်ရေး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက Tachileik News Agency ကို ပြောသည်။

"လေတိုက်နှုန်းမြင့်လာတယ်။ ဒီရေက ထပ်ပြီးမြင့်တက်လာလို့ အိမ် တချို့မြှုပ်တော့မယ့် အခြေအနေမှာ ရှိနေပါတယ်။ ကယ်ဆယ်ရေးအကူအညီတွေလိုပါတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လက်ရှိတွင် မုန်တိုင်း၏ ဗဟိုချက်ကျရောက်နေသည့် မြို့များမှာ စစ်တွေ၊ မောင်တော၊ ရသေ့တောင်မြို့နယ်များဖြစ်နေသည်ဟု သိရသည်။

၎င်းမုန်တိုင်းသည် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း  ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် အပါအဝင် မုန်တိုင်းဒဏ်ခံရသည့် ဒေသများမှ လူဦးရေ (၁၇) သန်းဝန်းကျင် ထိခိုက်နိုင်ကြောင်း WFP က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန် ထားသည်။

 

Photo: Western News , KTM, CJ