ဖယ်ခုံမြို့နယ်၊ ဆောင်ဖွေးရွာအတွင်း ဒေသခံများနှင့် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဆေးပေးခန်းကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲ၊ ဒေသခံ (၃)ဦးဒဏ်ရာရ

ဖယ်ခုံမြို့နယ်၊ ဆောင်ဖွေးရွာအတွင်း ဒေသခံများနှင့် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဆေးပေးခန်းကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲ၊ ဒေသခံ (၃)ဦးဒဏ်ရာရ
ဧပြီ 25, 2023 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အတွင်းရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဆောင်းဖွေးကျေးရွာလူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့၏ နေ့လည် (၁)နာရီတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဆောင်းဖွေးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေသည့် နေရာမဟုတ်ဘဲ ဒေသခံရွာသားများအပြင် စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ကြသည့် နေရာသာဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗုံးကြဲချခဲ့ခြင်းကြောင့် ဒေသခံ( ၃ )ဦး ထိခိုက် ဒဏ်ရာရရှိကာ တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေနေရှိပြီး ဆေးပေးခန်း အဆောက်အဦး (၂)လုံး၊ ဆေးခန်းတွင်းရှိ ကုသရေးဆိုင်ရာ ဆေးပစ္စည်းများ ၊ ဆိုင်ကယ်နှင့် ကားအချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့( KNDF ) က သတင်းထုတ်ပြန်ထားသည်။

ဆောင်းဖွေးကျေးရွာရှိ ဆေးပေးခန်းမှာ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင်အရပ်သားများအတွက်သာ ကျန်းမာရေးလိုအပ်ချက်အရ ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသည့် နေရာသာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ (၂၃)ရက်၊ ညပိုင်းကလည်း ဘောလခဲမြို့နယ်၊ ဟော်ခမ်းကျေးရွာအနီးသို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ မှ တိုက်လေယာဉ်တစ်စီးဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချသွားရာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သေးသည်။

 

Photo: KNDF