ထိုင်းနိုင်ငံတွင်  ဘတ်သန်း (၈၀) တန်ဖိုးရှိ အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ထိုင်းနိုင်ငံတွင်  ဘတ်သန်း (၈၀) တန်ဖိုးရှိ အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
By Mr John

ထိုင်းနိုင်ငံ နခွန်ပထုံနှင့် ဘန်ကောက်မြို့တို့တွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုများအတွင်း သံသယရှိသူ (၃) ဦးကို ဖမ်းဆီးခဲ့ပြီး ဘတ် သန်း (၈၀) ကျော် တန်ဖိုးရှိသော အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

နခွန်းပထုံတွင် ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန Cyber Crime Investigation Bureau (CCIB) မှ အရာရှိများက Muang ခရိုင်ရှိ စီးပွားရေးဆိုင်ရာ အဆောက်အအုံတစ်လုံး၊ နေအိမ်တစ်လုံးနှင့် ဂိုဒေါင်တစ်လုံး အပါအဝင် နေရာ (၃) ခုကို စီးနင်းရှာဖွေခဲ့ပြီး အမျိုးသမီး (၂) ဦးကို ဖမ်းဆီးခဲ့သည်။

နခွန်းပထုံမြို့ရှိ နေရာများကို ဝင်ရောက်စီးနင်းမှုအတွင်း အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း (၁၈၆,၆၈၃) ခုကို သိမ်းဆည်းရမိခဲ့ပြီး ဘတ် သန်း (၅၀) ခန့် တန်ဖိုးရှိကြောင်း CCIB လက်ထောက်ရဲမှူး ရဲဗိုလ်ချုပ် Pairoj Sukruaythanachot က ၂၀၂၃ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် ပြောသည်။ 

ဘန်ကောက်မြို့တွင်လည်း ရဲတပ်ဖွဲ့က Ratchathewi ခရိုင် Phaya Thai လမ်းမပေါ်ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့သည်။

ဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းကို စီးနင်းမှုအတွင်း စုစုပေါင်း ဘတ် သန်း (၃၀) တန်ဖိုးရှိ အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲဗိုလ်ချုပ် Pairoj က ပြောသည်။ 

ထိုင်းနိုင်ငံ၏ လက်ရှိဥပဒေအရ အီးစီးကရက်များ လက်ဝယ်တွေ့ရှိသူများကို (၅) နှစ်အထိ ထောင်ဒဏ်နှင့် တန်ဖိုး၏ (၄) ဆနှင့်အတူ မပေးဆောင်းထားသော အခွန်ငွေတို့ကို ငွေဒဏ်အဖြစ် ချမှတ်နိုင်ကြောင်း CCIB ဌာနခွဲ (၁) ၏ အကြီးအကဲ ရဲဗိုလ်ချုပ် Chatpanthakarn Khlaiklueng က ဆိုသည်။

ယခု ဖမ်းဆီးမှုများမှတစ်ဆင့် နောက်ထပ် ပါဝင်ပတ်သက်သူများကို ဆက်လက် စုံစမ်းဖော်ထုတ်နေကြောင်း အာဏာပိုင်များက ပြောသည်။ 

ထိုင်းနိုင်ငံတွင် အီးစီးကရက်များမှာ တရားမဝင်သော်လည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး အချေအတင် ဆွေးနွေးငြင်းခုံစရာ ကိစ္စတစ်ရပ်ဖြစ်နေသည်။ ယခုနှစ်အစောပိုင်းက ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် ထိုင်ဝမ်မင်းသမီးတစ်ဦးနှင့် သူမ၏ သူငယ်ချင်းများထံတွင် အီးစီးကရက်များ စစ်ဆေးတွေ့ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့က ခြိမ်းခြောက်ငွေတောင်းပြီး လွှတ်ပေးခဲ့ရာမှ အီးစီးကရက်ကိစ္စကို ပို၍ အာရုံစိုက်လာခဲ့ကြပြီး အာဏာပိုင်များက အီးစီးကရက်နှိမ်နင်းရေး လုပ်ဆောင်လာခြင်း ဖြစ်သည်။

Source: Bangkok Post