တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်း ကားပေါ် တင်ဆောင်ထားသည့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းမိ

တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်း ကားပေါ် တင်ဆောင်ထားသည့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းမိ
ဖေဖော်ဝါရီ 16, 2023 | မှုခင်းသတင်း| ရှမ်းရှေ့



မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ကားပေါ်တင်ဆောင်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား အပါအဝင်  ကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိ မူးယစ်ဆေးဝါး အမြောက်အများကို ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်အတွင်း လွန်းကျိုင်းရှိ နေအိမ်တွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့က ကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ပါဆတ်ရပ်ကွက်အတွင်း လွန်းကျိုင်းရှိ နေအိမ် ခြံဝင်းအတွင်းရှိ LIFAN ကားပေါ်တွင် တင်ဆောင်ထားသည့် ကဖင်း ဆာလာအိတ်ပေါင်း (၂၀၀)ဝန်းကျင်ကိုတွေ့ရှိရာ စုစုပေါင်း အလေးချိန်မှာ ကီလို(၅၀၀၀)ဝန်းကျင်ရှိကြောင်း သိရသည်။

ဆက်လက်၍ Canter အမျိုးအစား ကားပေါ်က ဆာလာအိတ်ပေါင်း (၇၀)ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း သိန်း(၁၄၀)ပြားကို ထပ်မံတွေ့ရှိရသလို အိမ်နောက်ဘက် ဂိုဒေါင်အတွင်းမှ ဆာလာအိတ်ပေါင်း (၂၆၀)အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား သိန်း(၁၂၀)ပြား နှင့် အိုက်စ်(ice) မူးယစ်ဆေးဝါ စုစုပေါင်း အလေးချိန် (၅၀၀)ကီလိုတို့ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ နေအိမ်ခြံအတွင်းမှ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း သိန်း(၂၆၀)ပြား နှင့် အိုက်စ် ကီလို(၅၀၀)၊ ကဖင်း ကီလို(၅၀၀၀)တို့နှင့်အတူ ဖမ်းဆီးရမိသည်ဟု ဆိုသည့် စိုင်းရွက်ဆိုသူအား တာချီလိတ်မြို့ရှိ ဟောင်လိတ်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားရှိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့က ဖမ်းဆီးရမိခြင်းဖြစ်သော်လည်း မူးယစ်တပ်ဖွဲ့က ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှသာ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။