တာချီလိတ်မြို့တွင် မြန်မာ - ထိုင်း အမှတ်(၁)တံတားကို ဖွင့်လှစ်နိုင်စွမ်း မရှိသေးဘဲ အမှတ်(၁)တံတား ဘီးကောက်လုပ်ငန်းကို ထည့်သွင်း လေလံတင်

တာချီလိတ်မြို့တွင် မြန်မာ - ထိုင်း အမှတ်(၁)တံတားကို ဖွင့်လှစ်နိုင်စွမ်း မရှိသေးဘဲ အမှတ်(၁)တံတား ဘီးကောက်လုပ်ငန်းကို ထည့်သွင်း လေလံတင်
ဇန်နဝါရီ 27, 2023 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားကို ယနေ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့အထိ ဖွင့်လှစ်နိုင်စွမ်း မရှိသေးသော်လည်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက  ဘီးကောက်လေလံအဖြစ် အမှတ်(၂)တံတားနှင့် ပူးတွဲပြီး လေလံကျပ် သိန်းပေါင်း (၁၉၀၀)ကျော်ဖြင့် ဈေးပြိုင် လေလံခေါ်နေကြောင်း ဇန်နဝါရီလ(၂၆)ရက်နေ့ ရက်စွဲဖြင့် ကြေညာထားသည်ကို တွေ့ရသည်။ 

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးအနှစ်အတွက် တာချီလိတ်မြို့နယ်အနေဖြင့် လုပ်ငန်းလေလံခေါ်သည့် အပေါင်ဆိုင်နှင့် ဘီးကောက်၊ အိမ်သာခများ အပါအဝင် လုပ်ငန်းပေါင်း (၂၂)ခုတွင်  မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတား နှင့် အမှတ်(၂)တံတားတို့တွင် ဘီးကောက်လုပ်ငန်း လေလံအဖြစ် ကျပ်သိန်းပေါင်း (၁၉၄,၅၀၀,၀၀၀)ဖြင့် ထည့်သွင်း လေလံခေါ်ထားသည့် လုပ်ငန်းလည်း အပါအဝင် ဖြစ်သည်။

ပုံမှန်အားဖြင့် တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) နှင့် အမှတ်(၂)တံတားတို့တွင် အမှတ်(၁)တံတားသည် ဆိုင်ကယ်နှင့်ယာဉ်ငယ် အများဆုံး သွားသည့် တံတားဖြစ်၍ အမှတ်(၂)တံတားထက် ဘီးကောက်ခ အများဆုံးရရှိသည့် တံတားဖြစ်သော်လည်း တံတား(၁)ကို ၂၀၂၀ခုနှစ်ကတည်းက စပြီး ယနေ့အထိ  (၃)နှစ်ဝန်းကျင်အကြာ ပိတ်ထား၍ လေလံဆွဲသူများမှာ တံတား(၂)တစ်ခုတည်းကသာ အကျိုးအမြတ်ရရှိခြင်းဖြစ်သော်လည်း လေလံဆွဲရာတွင် တံတား(၂)နှစ်ခုစလုံးစာအတွက်  လေလံဆွဲရခြင်း ဖြစ်သည်။

လုပ်ငန်း (၂၂)ခုထဲက အပေါင်ဆိုင်လုပ်ငန်းစုစုပေါင်း (၁၅)ဆိုင်အတွက်ကိုလည်း စုစုပေါင်း ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း (၃၆၀၀)ကျော်ဖြင့် ဈေးပြိုင် လေလံခေါ်ထားကြောင်း သိရသည်။

အပေါင်ဆိုင်လုပ်ငန်းများမှာလည်း နှစ်စဉ်နှစ်တိုင်း အပြိုင်ဝယ်လိုသူများမရှိဘဲ လူဟောင်းများသာ ကျပ်(၅၀၀၀၀)မှ ကျပ်(၁)သိန်းအထိ ဈေးအနည်းငယ်ပိုပေး၍ လုပ်ကိုင်ခွင့်များရရှိကြခြင်းသာဖြစ်ပြီး အများအားဖြင့် ရွှေဆိုင်လုပ်ငန်းများက အပေါင်လုပ်ငန်းများကို တွဲဖက်ယူကြသည်များလည်းရှိသည်။

ဈေးပြိုင်လံရောင်းချမှုကို ၂၀၂၃ခုနှစ်  ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ချစ်ကြည်ရေး အမှတ်(၁)တံတား ဖွင့်လှစ်မည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာဘက် အာဏာပိုင်များအနေဖြင့် ဒေသအတွက် လိုအပ်ချက်ကို အထက်ဌာနသို့ တင်ပြမှု အပေါ်သာ မူတည်သော်လည်း ၎င်းတို့၏ ကြိုးစားအားထုတ်မှု အားနည်းသည့်အတွက် ယနေ့အချိန်အထိ ပြတ်သားသည့် အသိပေးချက်များ မရှိသေးခြင်းကြောင့် တံတား(၁) ပြန်လည်ဖွင့်မည့် ရက်ကိုတော့ မသိရသေးခြင်းဖြစ်သည်။