နမ့်ဆန်မြို့နယ်အတွင်း လက်ဖက်လုပ်ငန်းရှင်များ အပေါ်  ယခုနှစ်က စတင်ကာ အခွန်မကောက်ခံတော့ဟု TNLA ဆို၊ လက်ဖက်လုပ်ငန်းကော်မတီ အသစ်ဖွဲ့စည်း

နမ့်ဆန်မြို့နယ်အတွင်း လက်ဖက်လုပ်ငန်းရှင်များ အပေါ်  ယခုနှစ်က စတင်ကာ အခွန်မကောက်ခံတော့ဟု TNLA ဆို၊ လက်ဖက်လုပ်ငန်းကော်မတီ အသစ်ဖွဲ့စည်း
ဇန်နဝါရီ 27, 2023 | ရှမ်းမြောက်

 ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်မြို့နယ်ရှိ လက်ဖက်လုပ်ငန်းရှင်များကို ၂၀၂၃ခုနှစ်ကစတင်ကာ အခွန်မကောက်ခံတော့ဘဲ လက်ဖက်လုပ်ငန်းဆိုင်ရာကော်မတီကို စတင် ဖွဲ့စည်းသွားမည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( Ta’ang National Liberation Army - TNLA ) က ယနေ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၎င်း လက်ဖက်လုပ်ငန်းဆိုင်ရာကော်မတီကို TNLA မှဒုဗိုလ်မှူးကြီး တားအိုမ်ပေါက ဦးဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

တအာင်းပြည်နယ်၊ တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ် နေရာတစ်ခုတွင် လက်ဖက်လုပ်ငန်းဆိုင်ရာကော်မတီနှင့် လက်ဖက်ရောင်းဝယ် လုပ်ကိုင်သူများ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် လက်ဖက်လုပ်ငန်း နှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု TNLA ဘက် ထုတ်ပြန်ထားသည်။

ဗိုလ်မှူးချုပ် တားဘုင်ကျော်မှ " တအာင်းပြည်နယ်မှာ လက်ဖက်အရောင်းအဝယ်က အရင်ထက် နည်းလာတယ်။ လက်ဖက်လည်း စျေးကောင်းတွေမရတော့ လူငယ်တွေလည်း ပြည်ပမှာသွားပြီး အလုပ်လုပ်ကြတယ်။ လက်ဖက်လုပ်တဲ့သူတွေလည်း လျော့လာကြပြီ။ အဲကြောင့် ကျနော်တို့က လက်ဖက်စျေးတွေကို စျေးကောင်းရအောင် လက်ဖက်လုပ်ကိုင်သူနဲ့ လုပ်ငန်းရှင်တွေက ပူးပေါင်းလုပ်ဆောင်ရမယ် " ဟု ပြောကြောင်း ထုတ်ပြန်ထားသည်။

လက်ဖက်ပြုစုပျိုးထောင်၊  ထုတ်လုပ်၊ စျေးနှုန်းကောင်းရရန်၊ လက် ဖက်လက်ကိုင်သူနှင့် လက်ဖက်လုပ်ငန်းရှင်များ ယခင်ကထက် လက်ဖက်များကို ပိုကောင်းမွန်ရန် မည်ကဲ့သို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု သိရ သည်။

ထိုတွေ့ဆုံပွဲကို ကျေးရွာပေါင်း (၂၂)ရွာတက်ရောက်ပြီး လူဦးရေ ၃၀၀ နီးပါး တက်ရောက်တွေ့ဆုံခဲ့ကြကာ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုင်ကျော်၊ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး တားဂူ;ဇာရ်၊ တွဲဖက်အတွင်းရေးမှု (၂) ဒုဗိုလ်မှူးကြီး တားပါင်လနှင့် ဒုဗိုလ်မှူးကြီး တားအိုမ်ပေါတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။



 

Photo: PSLF/TNLA