တာချီလိတ်ကြံ့ဖွံ့ပါတီက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအရေး အဆုံးအဖြတ်ကို မကျေနပ်၍ ရုံးထဲကနေ ဆန့်ကျင် ရှုတ်ချ

တာချီလိတ်ကြံ့ဖွံ့ပါတီက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအရေး အဆုံးအဖြတ်ကို မကျေနပ်၍ ရုံးထဲကနေ ဆန့်ကျင် ရှုတ်ချ
ဇန်နဝါရီ 3, 2023 | ရှမ်းရှေ့

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်များကို တစ်ဖက်သတ်ကျသည်ဟုဆိုကာ  ဆန့်ကျင်ရှုတ်ချမှုအဖြစ် တာချီလိတ်မြို့ရှိ ကြံ့ဖွံ့ပါတီရုံးတွင် ၂၀၂၃ခုနှစ် ဇန်ဝါရီလ(၂)ရက်နေ့ ညနေပိုင်းက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

တာချီလိတ်ခရိုင်ကြံ့ဖွံ့ ဥက္ကဌ ဦးဘိုစံ နှင့် မြို့နယ်ကြံ့ဖွံ့ ဥက္ကဌ ဦးစိုင်းရွှေထွန်းတို့ ဦးဆောင်ပြီး ၎င်းတို့၏ ရုံးဝန်းအတွင်း၌သာ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။ 

"မနေ့က သူတို့ ပါတီရုံးရှေ့ကနေ ဆိုင်ကယ်နဲ့ ပတ်သွားတော့ ဗီနိုင်းတွေ ကိုင်ပြီး ဓါတ်ပုံ ရိုက်နေတာတွေ့ရတယ်။ ဆန့်ကျင်ပွဲတို့ တပ်ထောက်ခံပွဲတို့ဆိုရင် ရှမ်းရိုးမကွင်းထဲမှာ လုပ်နေကြ။ အခုက ဟိုတခါ ထောက်ခံပွဲမှာ ဗုံးကွဲသလိုမျိုး ဖြစ်မှာကြောက်လို့ထင်တယ်။ လူမသိ သူမသိ ရုံးထဲမှာ လုပ်ကြတယ်။"ဟု ဒေသခံ ကိုထွန်းအောင်က  Tachileik News Agency သို့ ပြောသည်။ 

အလားတူပင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း မိုင်းဆတ်၊ မိုင်းတုံ၊ ကျိုင်းတုံ၊ မိုင်းပျဉ်းမြို့ နှင့် မိုင်းဖြတ်မြို့တို့တွင်လည်း ပြုလုပ်ရာ မသိနားမလည်သည့် ဒေသခံ ရှမ်း၊ အာခါ၊ လားဟူတိုင်းရင်းသားများကို ခေါ်ယူအသုံးချခဲ့ကြကြောင်း သိရသည်။

ယခုလို မလုပ်ဆောင်မီ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့က ရှမ်းပြည်(အရှေ့ပိုင်း)ကြံ့ဖွံ့ပါတီဥက္ကဌ ဦးလင်းဇော်ထွန်း နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ ပါတီတာဝန်ရှိများ Zoom ဖြင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

 

Photo: တာချီလိတ် USDP