တတိယ ကမ္ဘာစစ်အန္တရာယ် အမှန်တစ်ကယ်ရှိလာကြောင်း ရုရှား သတိပေး

တတိယ ကမ္ဘာစစ်အန္တရာယ် အမှန်တစ်ကယ်ရှိလာကြောင်း ရုရှား သတိပေး
By Mr John

 အမေရိကန်နှင့် မဟာမိတ်များကြား ယူကရိန်းအတွက် နောက်ထပ် လက်နက်များပေးပို့ရန် တွေ့ဆုံဆွေးနွေးမှု မတိုင်မီ ရုရှားက "တတိယကမ္ဘာစစ်၏ အမှန်တကယ် ခြိမ်းခြောက်မှု ရှိလာနေပြီ"ဟုသတိပေးလိုက်သည်။

ရုရှားအစိုးရ ရုပ်မြင်သံကြားသတင်းဌာနနှင့် တွေ့ဆုံရာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က တတိယကမ္ဘာစစ်အန္တရာယ်မှာ အမှန်တစ်ကယ်ဖြစ်ကြောင်း ပြောကြားပြီး ယူကရိန်းက ငြိမ်းချမ်းရေးဆွေးနွေးမှုကို ရှုပ်ထွေးစေကြောင်း ဝေဖန်ခဲ့သည်။



"တတိယ ကမ္ဘာစစ်အန္တရာယ်က အမှန်တစ်ကယ်ပဲ။ ဒါကို လျှော့တွက်လို့မရဘူး" Sergei Lavrov က ပြောခဲ့ကြောင်း  AFP သတင်းက ဖော်ပြသည်။

ထို့အပြင် အမေရိကန်နှင့် မဟာမိတ်တို့က ယူကရိန်းကို ကူညီထောက်ပံ့ခြင်းက နျူကလီးယားစစ်ပွဲကို ဦးတည်နိုင်ကြောင်းလည်း ၎င်းကဆိုသည်။

အမေရိကန်နှင့် မဟာမိတ်နိုင်ငံတွေက ယူကရိန်းကို လက်နက်များ နောက်ထပ်ပေးပို့ရန် ဧပြီ (၂၆) ရက်တွင် ဂျာမနီလေတပ်စခန်းတစ်ခု၌ တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။



Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားမှုအရလည်း ယူကရိန်းသို့ လက်နက်များ နောက်ထပ်ပေးပို့နေမှု ရပ်တန့်ရန် ရုရှားက အမေရိကန်ကို ပြောဆိုလိုက်ပြီး အနောက်အုပ်စု၏ ကြီးမားသည့်ပမာဏ လက်နက်များ ပေးပို့ခြင်းက ပဋိပက္ခကို ပိုမိုဆိုးရွားစေပြီး သေကျေပျက်စီးမှုများ ပိုများလိမ့်မည်ဟု သတိပေးခဲ့ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်က ပြောကြားခဲ့ကြောင်း သိရသည်။



ဖေဖေါ်ဝါရီ (၂၄) ရက်နေ့တွင် ရုရှားက ၎င်း၏ အိမ်နီးချင်း ယူကရိန်းကို စတင်ကျူးကျော်ခဲ့ရာမှ ယခုအချိန်အထိ စစ်ပွဲဖြစ်ပွားနေခဲ့သည်။

ရုရှားတပ်ဖွဲ့တွေကို ခုခံတိုက်ခိုက်ရန် အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းကို လက်နက်များ ထောက်ပံ့ပေးနေသော်လည်း  အနောက်အုပ်စုနိုင်ငံတွေက နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့် ရုရှားနှင့် ပဋိပက္ခဖြစ်လာမည်ကို စိုးရိမ်မှုကြောင့် ယခုစစ်ပွဲတွင် ထို့တက်ပို၍ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ရန် တွန့်ဆုတ်နေကြသည်။



ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက အနောက်အုပ်စု မဟာမိတ်များထံ အမြောက်များ၊ တိုက်လေယာဥ်များ အပါအဝင် လက်နက်ကြီးများ အကူအညီပေးရန် ပြောကြားထားခဲ့သည်။

ရုရှားဘက်က ကန့်ကွက်မှုရှိနေသော်လည်း အမေရိကန်နှင့် NATO မဟာမိတ်အုပ်စုက ယူကရိန်းကို ပိုမိုကြီးမားသည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့် ပိုမိုအဆင့်မြင့်သည့် လက်နက်စနစ်များ ထောက်ပံ့သွားရန် အသင့်ရှိနေကြောင်း ထုတ်ဖော်လာကြသည်။



အနောက်အုပ်စု၏ အားပေးထောက်ခံမှုကို ပြသရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့က ဧပြီ (၂၄) ရက် နှောင်းပိုင်းတွင် ယူကရိန်းသို့သွားရောက်ပြီး သမ္မတဇီလန်းစကီးနှင့် တွေ့ဆုံခဲ့ကြသည်။

ထိုခရီးစဥ်အတွင်း အဆင့်မြင့်လက်နက်များ အပါအဝင် နောက်ထပ် စစ်ရေး အကူအညီပေးရန်နှင့် ယူကရိန်းတွင် အမေရိကန်သံတမန်များ ပြန်လည်ထားရှိရန် အမေရိကန်ဘက်က ကတိပြုခဲ့ကြသည်။



ဗြိတိန်ကလည်း ယူကရိန်းအတွက် စစ်သုံးယာဥ်များ ပေးပို့မည်ဟု ကတိပြုထားသည်။

ထို့အတူ ပိုလန်ကို ဗြိတိသျှတင့်ကားများ ထောက်ပံ့ပေးကာ ပိုလန်၏ ရုရှားထုတ် T-72 တင့်ကားများကို ယူကရိန်းအတွက် ပေးပို့နိုင်ရန် ဗြိတိန်က စဥ်းစားနေသည်ဟု ဆိုသည်။ ဗြိတိန်၏ အားပေးထောက်ခံမှုကို ပြသသည့်အနေဖြင့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဧပြီ (၉) ရက်တွင် ယူကရိန်းသို့သွားရောက်ပြီး သမ္မတ ဗိုလိုဒီမြာ ဇီလန်စကီးနှင့် တွေ့ဆုံခဲ့သေးသည်။



Source: AFP, Reuters