Covid-19 ကူးစက်မှု တကျော့ပြန်လာသည့် ကာလတွင် လူစုလူဝေး ပွဲလမ်းသဘင် နှင့် ပြိုင်ပွဲများ အမြဲပြုလုပ်နေသည့် စစ်ကောင်စီက ကိုဗစ် ပန်ကြားချက်များ သက်တမ်း (၁)လ ထပ်တိုး

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် mask မတပ်ထားပုံ
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် mask မတပ်ထားပုံ
Covid-19 ကူးစက်မှု တကျော့ပြန်လာသည့် ကာလတွင် လူစုလူဝေး ပွဲလမ်းသဘင် နှင့် ပြိုင်ပွဲများ အမြဲပြုလုပ်နေသည့် စစ်ကောင်စီက ကိုဗစ် ပန်ကြားချက်များ သက်တမ်း (၁)လ ထပ်တိုး
စက်တင်ဘာ 30, 2022 | Covid-19

 အာဏာသိမ်းပြီးနောက် လူစုလူဝေး ပွဲလမ်းသဘင် နှင့် အခမ်းအနားများအပါအဝင် ပြိုင်ပွဲများ အမြဲပြုလုပ်နေသည့် အာဏာသိမ်းစစ်ကောင်စီနှင့်အဖွဲ့က Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး အတွက်  ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ နှင့် ဖြေလျှော်ပေးမည့် ကိစ္စရပ်များ မပါသော ညွှန်ကြားချက်များအားလုံးကို ၂၀၂၂ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့အထိ နောက်ထပ် (၁)လ ထပ်တိုးသည်ဟု စက်တင်ဘာလ(၂၉)ရက်နေ့ ညပိုင်းက ကြေညာထားသည်ကို တွေ့ရသည်။

Covid-19 ကူးစက်လွယ်ကူစေသည့် လူစုလူဝေးများကို နိုင်ငံ့အာဏာကို သိမ်းယူထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဦးဆောင်ပြီး ဖန်တီးလုပ်ဆောင်နေကာ Covid-19 သတ်မှတ်ချက်များကို ဖောက်ဖျက်ပြီး လူစုလူဝေးဖြင့် အခမ်းအနားများ၊ ပွဲလန်းသဘင်များ နှင့် ပြိုင်ပွဲများလုပ်ဆောင်နေကို  မျက်ကွယ်ပြုပြီး ၎င်း၏ ကိုဗစ် ဗဟိုကော်မတီက သတ်မှတ် ပန်ကြားချက်များကို သက်တမ်း ထပ်တိုးခြင်း ဖြစ်သည်။

လူစုလူဝေးဖြစ်နေပြီး mask မတပ်ဆင်ထားသည့် အခမ်းအနားတစ်ခု

မြန်မာနိုင်ငံအတွင်း Covid-19 တတိယလှိုင်းပြီးနောက် ယခုအခါ တကျော့ပြန် Covid-19 လှိုင်း ပြန်လည် ရိုက်ခတ်လာမှုအဖြစ် ၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်းက စပြီး Covid-19 ကူးစက်မှုအဖြစ် တစ်နေ့လျှင် လူဦးရေ (၃၀၀)ကျော်ကနေ (၄၀၀)ဝန်းကျင်အထိ ပြန်လည် တွေ့ရှိလာသည်ကို  စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

ယင်းသို့ Covid-19 စစ်ဆေးတွေ့ရှိမှုများမှာ အများအားဖြင့် လေယာဉ်စီးရန်အတွက် စစ်ဆေးရာမှ တွေ့ရှိသူများနှင့် ဆေးရုံသို့ တက်ရောက်ကုသသည့် လူနာနှင့်လူနာစောင့်များထံက တွေ့ရှိရသည့် အရေအတွက်များသာ ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် နေအိမ်တွင် စစ်ဆေးရာမှ ပိုးတွေ့ရှိသည့် အရေအတွက်များ မပါဝင်ပေ။

လူစုလူဝေးဖြစ်နေပြီး mask မတပ်ဆင်ထားသည့် အခမ်းအနားတစ်ခု

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၎င်းအာဏာသိမ်းထားသည့် ကာလအတွင်း ပြည်သူများက အာဏာသိမ်းသည်ကို လက်ခံသည်ဟု ပြသနိုင်ရန် ပြည်သူများ ပုံမှန်အတိုင်း ပျော်ပျော်ရွှင်ရွှင်ဖြစ်နေပြီး လူစည်ကားနေသည်ကို ဖန်တီးနိုင်ရေးအတွက် ပွဲလမ်းသဘင်များ၊ ဖျော်ဖြေမှုများ  နှင့် အားကစား နှင့် အခြားပြိုင်ပွဲများကို ဖန်တီးကာ ပြည်နယ်နှင့်တိုင်းများတွင် လုပ်ဆောင်ခိုင်းနေခြင်းလည်း ဖြစ်သည်။

Covid-19 ကာကွယ်ဆေးများကို (၂)ကြိမ်မှ (၃)ကြိမ်အထိ ထိုးထားသူများပင်လျှင် Covid-19 ကူးစက်ခံရမှုများရှိနေသည့်အတွက် Covid-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် Mask တပ်ဆင်ရန်  အထူးလိုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားရှိသည်။

အာဏာသိမ်းစစ်ကောင်စီက Covid-19 ထိန်းချုပ်ရေးအတွက် ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ နှင့် ဖြေလျှော့ပေးမည့် ကိစ္စရပ်များ မပါသော ညွှန်ကြားချက်များအားလုံးကို သက်တမ်းထပ်တိုးသည်ဟု ဆိုသော်လည်း ၎င်း၏ လက်အောက်ခံ ဌာနများက မည်သည့်အကြောင်းအရာများကို တားမြစ်ဖြေလျော့ထားခြင်းကိုတော့ အသေအချာ မသိကြပေ။