ဝါးခုတ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး (၃)ဦး သေဆုံး 

Photo: KNDF
Photo: KNDF
ဝါးခုတ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး (၃)ဦး သေဆုံး 
စက်တင်ဘာ 7, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဘောလခဲမြို့ နှင့် ရွာသစ်မြို့အကြား  ဝါးခုတ်ရန်ထွက်လာသော စစ်ကောင်စီတပ်သားများကို ယနေ့ စက်တင်ဘာလ (၇)ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃)ဦး သေပြီး လက်နက်တစ်လက် ရရှိခဲ့ကြောင်း KNDF၏  ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် ၏ (၁၂)မိုင်ကုန်း စခန်းအနီးရှိ (၁၁)မိုင်ကုန်းဖက်သို့ သေနတ်များလွယ်ပြီး အရပ်ဝတ်များဖြင့် ဝါးခုတ်ရန်ထွက်လာသော စစ်ကောင်စီတပ်သား (၇) ဦးဝန်းကျင်ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ ( KNDF B-21 ) နှင့် ကရင်နီတပ်မတော် ( KA ) တို့က အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဖက်မှ (၃)ဦးသေကာ (၂)ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး MA-3သေနတ် (၁)လက်နှင့် ကျည်အချို့ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ထိတွေ့မှုအပြီးတွင် ဘောလခဲမြို့အခြေစိုက် စစ်ကောင်စီတပ်များဖက်မှ ၎င်းတို့ အထိနာ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်များမှ အထိခိုက်မရှိ ပြန်လည်ဆုပ်ခွာနိုင်ခဲ့ကြောင်း သိရသည်။