တာချီလိတ်မြို့ရှိ ဆီပန့်များတွင် ဈေးမတက်သော်လည်း မြို့တွင်း ပုလင်းများဖြင့် ဓါတ်ဆီရောင်းသည့် နေရာအချို့တွင် ဈေးနှုန်း ခုန်တက်

တာချီလိတ်မြို့ရှိ ဆီပန့်များတွင် ဈေးမတက်သော်လည်း မြို့တွင်း ပုလင်းများဖြင့် ဓါတ်ဆီရောင်းသည့် နေရာအချို့တွင် ဈေးနှုန်း ခုန်တက်

တာချီလိတ်မြို့တွင် ယနေ့ မေလ(၄)ရက်နေ့၌ ဆီပန့်များတွင် ဈေးနှုန်းမတက်သော်လည်း မြို့တွင်း ပုလင်းများဖြင့် ဓါတ်ဆီရောင်းသည့် အချို့နေရာများတွင် ဈေးနှုန်းခုန်တက်သွားကြောင်း သိရသည်။

"တချို့ ဓါတ်ဆီဆိုင်တွေမှာ ဓါတ်ဆီ အဝါက အရင်က (၄၃)ဘတ်ကနေ အခု (၅၀)ဘတ် ဖြစ်သွားတယ်။ အပြာက ဘတ်(၅၀)ကနေ (၅၅)ဘတ်အထိ တက်သွားတယ်။ အပြာက ဝယ်လို့တောင်မရတော့ဘူးတဲ့၊ လက်ကျန်ရောင်းပေးတာလို့ ဆီဆိုင်က ပြောတယ်။ ထိုင်းဖက်က ဆီဘောက်ဆာ မဝင်တော့ဘူးလို့လည်းပြောတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။ 

အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ဆီပန့်တွင် ဒီဇယ်ဈေးနှုန်းသာ (၂)ဘတ်တက်ပြီး ဓါတ်ဆီဈေးမတက်ဟု ဆိုသည်။

"ဒီဇယ် (၃၈)ဘတ်ကနေ အခု (၄၀)ထိ (၂)တက်လာတယ်။ ဓါတ်ဆီတော့ မတက်ဘူး။ ဒီနေ့တောင်မှ ဆီကားတွေ ဝင်တာတန်းစီ နေတာပဲ။ လမ်းမှာလည်း   လမ်းအတော်ပိတ်တယ်"ဟု စက်သုံးဆီလုပ်ငန်းပိုင်ရှင်တစ်ဦးက Tachileik News Agency သို့ မေလ(၄)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

ယနေ့ ၂၀၂၂ခုနှစ် မေလ(၄)ရက်နေ့၏ ဆီပန့်တွင် ရောင်းချပေးသည့် စက်သုံးဆီ ဈေးနှုန်းမှာ  ဒီဇယ်မှာ (၁)လီတာလျှင် ဘတ်(၄၀)ဖြစ်ပြီး ဓါတ်ဆီ(၁)လီတာလျှင် (၃၈)ဘတ်ဟု သိရသည်။

တာချီလိတ်မြို့ အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ စက်သုံးဆီအများအပြားကို တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားကနေ တဆင့် ထိုင်းနိုင်ငံမှ တင်သွင်းဝယ်ယူကာ သုံးစွဲနေကြခြင်း ဖြစ်သည်။