အာဏာသိမ်းအဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် (၅)နှစ်ထပ်ချ

အာဏာသိမ်းအဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် (၅)နှစ်ထပ်ချ
ဧပြီ 27, 2022 | အခြားဒေသများ

 စစ်တပ်က အာဏာသိမ်းသည့်နေ့မှာကတည်းက ဖမ်းဆီးထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် အမှုပေါင်း (၁၀)မှုကျော်မှ အဂတိမှုဖြင့် ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ (၂၇) ရက်နေ့တွင် အာဏာသိမ်းအဖွဲ့၏ နေပြည်တော်အထူးတရားရုံးက ထောင်ဒဏ် (၅) နှစ် အမိန့်ချသည်ဟု သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ  ရွှေနှင့် ဒေါ်လာများ ရယူခဲ့သည်ဟု စွပ်စွဲကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပ‌ဒေ ပုဒ်မ ၅၅ ဖြင့် ထောင်ဒဏ် (၅)နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို အာဏာသိမ်းအဖွဲ့က စွပ်စွဲထားသည့် အမှုပေါင်း (၁၀)မှုကျော်အနက်မှ ပုဒ်မ (၅)ခုဖြင့် ထောင်ဒဏ် (၆)နှစ်ချမှတ်ထားခဲ့ပြီး ယခုထောင်ဒဏ် (၅)နှစ် ထပ်မံအမိန့်ချလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်အင်အားဖြင့် နိုင်ငံ့အာဏာသိမ်းလိုက်သည့်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် NLD အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထားပြီး ပုဒ်မများစွာဖြင့် စွပ်စွဲအမှုဖွင့်ထောင်ချနေခြင်းဖြစ်သည်။