မုံရွာ - မန္တလေးလမ်းပိုင်း သပိတ်စစ်ကြောင်းလုံခြုံရေးအတွက် လိုက်ပါလာသည့် ချောင်းဦး PDF မှ ရဲဘော်(၅)ဦး ဒလန်၏ သတင်းပေးမှုကြောင့် အရှင်ဖမ်းဆီးခံရပြီးနောက် သေနတ်ဖြင့်ပစ်သတ်ခံရ၍ ဝမ်းနည်းကြောင်း သပိတ်ကော်မတီထုတ်ပြန်

မုံရွာ - မန္တလေးလမ်းပိုင်း သပိတ်စစ်ကြောင်းလုံခြုံရေးအတွက် လိုက်ပါလာသည့် ချောင်းဦး PDF မှ ရဲဘော်(၅)ဦး ဒလန်၏ သတင်းပေးမှုကြောင့် အရှင်ဖမ်းဆီးခံရပြီးနောက် သေနတ်ဖြင့်ပစ်သတ်ခံရ၍ ဝမ်းနည်းကြောင်း သပိတ်ကော်မတီထုတ်ပြန်
ဧပြီ 17, 2022 | အခြားဒေသများ

 

စစ်ကိုင်းတိုင်းအတွင်း မုံရွာ - မန္တလေးလမ်းပိုင်း တစ်နေရာတွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဆန္ဒပြလှုပ်ရှားမှုကို လုံခြုံရေးလိုက်ပါပေးခဲ့သည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ရဲဘော်(၅)ဦး ဒလန်၏ သတင်းပေးမှုကြောင့် တောပုကျေးရွာမှ ပျူစောထီးများ၏ အလစ်အငိုက် ဝင်ရောက်စီးနင်းမှုကြောင့် အရှင်ဖမ်းဆီး ပစ်သတ်ခံလိုက်ရ၍ ဝမ်းနည်းကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက  သတင်းထုတ်ပြန်လာသည်။

၂၀၂၂ခုနှစ် ဧပြီလ(၁၇)ရက်နေ့ နံနက်(၇)နာရီမှ နံနက်(၇)နာရီ မိနစ်(၂၀)အထိ ဆန္ဒပြရာတွင် ပါဝင်ကာ လုံခြုံရေးလိုက်ပါပေးခဲ့သည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထဲက   သပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လမ်း ပိုင်း အလိုက် ပွိုင့်ကင်း တာဝန်ဆောင်ရွက်နေသည့် ပွိုင့်ကင်းနေရာတစ်နေရာတွင် နံနက်(၈)နာရီဝန်းကျင်က   ဒလန် သတင်းပေးမှုကြောင့် တောပုကျေးရွာမှ ပျူစောထီးများ၏ အလစ်အငိုက် ဝင်ရောက်စီးနင်းခြင်းကို ခံရပြီး အရှင်ဖမ်းဆီးခံရပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

ကျဆုံးသွားသူများမှာ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ဇွဲမာန်အောင် (CDM ပြည်သူ့ ကျန်းမာ ရေး ကြီးကြပ်-၂)၊ ရဲဘော် မင်းသန့်ကျော်၊ ရဲဘော် ရာဇာထွန်း၊ ရဲဘော် နိုင်ဝဏ္ဏ၊ ရဲဘော် မင်းခန့်(ခ) မိုးဒီတို့ ဖြစ်ကြောင်း သိရသည်။

"စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးနှင့် ပြည်သူ လူထု ဘဝ လွတ်မြောက်ရေးတို့အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် ကျွန်ုပ်တို့ မုံရွာလူထု သပိတ် တိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျန်ရစ်သူ မိသားစု ဝင်များနှင့် အတူ ထပ်တူထပ်မျှ စိတ်နှလုံးထိခိုက် ကြေကွဲဝမ်းနည်းရပါသည်။"ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။  

#TachileikNewsAgency