မုံရွာမြို့တွင် တော်လှန်ရေးနေ့ တစ်နေ့တည်း ဗုံး(၁၃)လုံးဖြင့် ဒေသကာကွယ်ရေးအဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့

မုံရွာမြို့တွင် တော်လှန်ရေးနေ့ တစ်နေ့တည်း ဗုံး(၁၃)လုံးဖြင့် ဒေသကာကွယ်ရေးအဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ အာဏာသိမ်းစစ်ကောင်စီတပ်သားများရှိသည့် နေရာများတွင်  မတ်လ(၂၇)ရက်နေ့ တစ်နေ့တည်း ဗုံး(၁၃)လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Peacock Generation Force-PGF က သတင်းထုတ်ပြန်လာသည်။

 ဗုံးများကို အာဏာသိမ်းစစ်ကောင်စီတပ်များရှိသည့် အောင်ချမ်းသာ (၁၆)တပ်ရင်းထောင့်၊ အောင်ချမ်းသာ အောင်မင်္ဂလာလမ်းဆုံ၊ ကျောက္ကာလမ်း ညိုညိုဆီတို့ဟူးလမ်းဆုံ၊ ဘူတာကြီးအနီး၊ ဝါဇတ်ကွင်းအနီး၊ သာစည်လမ်းနှင့် ရတနာပုံလမ်းဆုံ၊ ဘိုးဘွားရိပ်သာအနီး၊ စီးပွားရေးဘဏ်အနီးနှင့် အာဇာနည်လမ်း အာသောကကျောင်းအနီးတို့တွင် (၁)လုံးစီဖောက်ခွဲခဲ့ပြီး မြို့လယ် မီးပွိုင့်တွင်(၂)လုံး ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း(၁)၊ MPDF တပ်ခွဲ(၄)၊ Special Region Attack Force၊ God of Snake Monywa Nightking၊ Peacock Generation Force-PGF၊ Yakhak Nyi Naung၊ Special Task Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်သားများ သေဆုံး၊ ဒဏ်ရာရ အခြေအနေကိုတော့ မသိရသေးဟု သိရသည်။

မတ်လ(၂၆)ရက်နေ့ ညပိုင်းကလည်း ပေ(၈၀)လမ်းနှင့် သာစည်လမ်းထောင့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်သားများ စီးနင်းလာသည့် Mark 2 ယာဉ်အတွင်းသို့  ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ သေးသည်။