မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကျပ်သိန်း(၈၀၀)ဝန်းကျင်ရှိ ကဖင်းများကို တာချီလိတ် - ဘိုရှီးလမ်းတွင် ဖမ်းမိ

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကျပ်သိန်း(၈၀၀)ဝန်းကျင်ရှိ ကဖင်းများကို တာချီလိတ် - ဘိုရှီးလမ်းတွင် ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စုအတွင်း တာချီလိတ် - ဘိုရှီး သွားကားလမ်းတွင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖင်းများကို ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ် မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ပန်နယ်ကျေးရွာအနီး၊ တာချီလိတ် - ဘိုရှီး သွားကားလမ်းတွင် ၂၀၂၂ခုနှစ် မတ်လ(၁၂)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က  တာချီလိတ်ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ကားကို မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် ပူးပေါင်းအဖွဲ့က ရပ်တန့်ခိုင်းရာ အဆိုပါ ကားမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က အဆိုပါ ယာဉ်အား လိုက်လံဖမ်းဆီးရာ ယာဉ်မောင်း ထွန်းရွှေ နှင့်အတူ ဖမ်းဆီးရမိပြီး ယာဉ်ပေါ်ပါလာသည့် ပစ္စည်းများကို စစ်ဆေးရာက အလေးချိန် စုစုပေါင်း (၁၀၀၀)ကီလိုရှိသည့် ကဖင်းများကို တွေ့ရှိသိမ်းဆည်းရမိပြီး ကဖင်းများ၏ တန်ဖိုးငွေမှာ ကျပ်သိန်း(၈၀၀)ဝန်းကျင်ရှိကြောင်း သိရသည်။

ကဖင်းနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၁၉)နှစ်အရွယ် ထွန်းရွှေအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။