ပုလဲမြို့နယ်အတွင်း နှစ်ရက်တာတိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ပြီး အရပ်သားတစ်ဦးကို ပစ်သတ်

ပြည်သူများ၏ ဆိုင်ကယ်(၆)စီး မီးရှို့ဖျက်ဆီးခံထားရစဉ် [ Photo: Chindwin Attack Force ]
ပြည်သူများ၏ ဆိုင်ကယ်(၆)စီး မီးရှို့ဖျက်ဆီးခံထားရစဉ် [ Photo: Chindwin Attack Force ]
ပုလဲမြို့နယ်အတွင်း နှစ်ရက်တာတိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ပြီး အရပ်သားတစ်ဦးကို ပစ်သတ်
ဖေဖော်ဝါရီ 18, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကျေးသမျှားကျေးရွာကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သား (၁)ဦးကို သတ်ထားခဲ့ပြီး ဆိုင်ကယ် (၆)စီး မီးရှို့ထားခဲ့သည်ကို တွေ့ရကြောင်း ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် Chindwin Attack Force က သတင်းထုတ်ပြန်သည်။

သေဆုံးနေသည့် အရပ်သား၏ ဝမ်းဗိုက်နှင့် ဦးခေါင်းတို့တွင် သေနတ်ထိမှန်ထားသည့် ဒဏ်ရာများကို တွေ့ရသဖြင့် အဆိုပါလုပ်ရပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသည့် မုံရွာခရိုင်တပ်ရင်း ၂၊ ၃၊ ၄ နှင့် ယင်းမာပင်ခရိုင် PDF တို့က ရှုံ့ချကြောင်း သတင်းထုတ်ပြန်ထားသည်။

သတ်ခံရသည့် အရပ်သားတစ်ဦး၏ အလောင်း

ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် တိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်ဖွဲ့ဝင်များကို ဖမ်းမိပါက စစ်သုံ့ပန်းအဖြစ်သာ ထိန်းသိမ်းမှုကို လုပ်ဆောင်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ပုလဲမြို့နယ် ကျေးသမျှားကျေးရွာ၊ပုပ္ပါကျေးရွာနှင့်တမာပင်ဂွကျေးရွာများအနီးတွင် အင်အား (၇၀)ဝန်းကျင်ရှိသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မုံရွာခရိုင်တပ်ရင်း -၂ (Chindwin Attack Force) ၊ မုံရွာခရိုင်တပ်ရင်း - ၃ ၊ မုံရွာခရိုင်တပ်ရင်း - ၄ နှင့်ယင်းမာပင်ခရိုင်PDF များ ပူးပေါင်းအဖွဲ့တို့ကြား ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့က စတင်၍ တိုက်ပွဲများဖြစ်ခဲ့ပြီး ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့တွင် တိုက်ပွဲများပြင်းထန်ကာ လက်နက်ကြီး (၂၄)လုံး၊ လေကြောင်းပစ်ကူ (၁၄) ကြိမ်ဖြင့် အာဏာသိမ်းတပ်ဘက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း အာဏာသိမ်းတပ်ဘက်က သေဆုံး၊ ဒဏ်ရာရများလည်းရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင်လည်း ပုလဲမြို့နယ်အတွင်း အိမ်ခြေ(၄၀၀)ကျော်ရှိသည့် ချောင်းဦးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။