လူမျိုးတုံးသတ်ဖြတ်မှုကို ယခင် နှင့် နောင်တွင်လည်း မပြုလုပ်ဟု YMBA က စစ်ကောင်စီအစား ထုတ်ပြန်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းချုပ်(YMBA)က မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့နှင့် ရာသက်ပန် ဂုဏ်ထူးဆောင်နာယကကြီး အဖြစ် ဂုဏ်ပြုချီးမြှင့်စဉ်က ပုံ
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းချုပ်(YMBA)က မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့နှင့် ရာသက်ပန် ဂုဏ်ထူးဆောင်နာယကကြီး အဖြစ် ဂုဏ်ပြုချီးမြှင့်စဉ်က ပုံ
လူမျိုးတုံးသတ်ဖြတ်မှုကို ယခင် နှင့် နောင်တွင်လည်း မပြုလုပ်ဟု YMBA က စစ်ကောင်စီအစား ထုတ်ပြန်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီဘလင်ကင်က စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘင်္ဂါလီအသိုင်းအဝိုင်းအပေါ် လူမျိုးတုံးသတ်ဖြတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ဟိုလိုကေ့စ်အထိမ်းအမှတ်ပြတိုက်တွင် ပြောကြားလိုက်မှုသည် လွန်စွာမှားယွင်းမှုဖြစ်သည်ဟု YMBA က စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာကနေ မတ်လ(၂၆)ရက်နေ့တွင် ထုတ်ပြန်ကြေညာလာသည်။

လက်ရှိ အာဏာသိမ်းစစ်တပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာစာချုပ်နှင့် ကုလသဂ္ဂ၏ ပဋိညာဉ်အောက်ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ စာချုပ်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် သက်ဆိုင်ရာ ကတိကဝတ်များကို အပြည့်အဝလေးစားလိုက်နာလျက်ရှိပြီး စွပ်စွဲချက်နှင့် ပတ်သက်၍ မည်သည့်အခါမှ ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆန်ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ ယခင်ကလည်း မပြုလုပ်ခဲ့သလို နောင်တွင်လည်း ပြုလုပ်မည် မဟုတ်ကြောင်းနှင့် ယခုလို မှားယွင်းစွာ စွပ်စွဲပြောဆိုခြင်းကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုက အပြင်းအထန် ရှုတ်ချကန့်ကွက်သည်ဟု ဖော်ပြထားရှိသည်။

အလားတူပင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံကာကွယ်ပေးသည့်အနေဖြင့်  မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)က ပြီးခဲ့သည့် ရက်က ကန့်ကွက်စာကို ဝါဒဖြန့်သတင်းစာကနေ ကြေညာခဲ့သေးသည်။

အာဏာသိမ်းစစ်ကောင်စီအပေါ် နိုင်ငံတကာ နှင့် မြန်မာနိုင်ငံ ပြည်သူများက ဝေဖန်ပြောဆိုမှုများနှင့် ကြုံလာတိုင်း   ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) နှင့် မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့သည် ရှေ့ကနေ ထွက်လာပြီး တန်ပြန် ကန့်ကွက်ရှုတ်ချခြင်းများ ပြုလုပ်လေ့ရှိသည့် အဖွဲ့(၂)ဖွဲ့ဖြစ်သည်ကို ၎င်းတို့၏ တန်ပြန်ထုတ်ပြန်ချက်များအရ တွေ့မြင်ရသည်။

#TachileikNewsAgency