ရေဦး ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက လျှပ်တပြတ် ဝင်ရောက် တိုက်ခိုက်

ရေဦး ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက လျှပ်တပြတ် ဝင်ရောက် တိုက်ခိုက်
ဒီဇင်ဘာ 13, 2021 | အခြားဒေသများ

 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဦးမြို့မရဲစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး လျှပ်တပြတ်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဒီပဲယင်းမြို့နယ်အတွင်း အင်ပုတ်ရွာအထွက်လည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ရေဦး နှင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ နံနက်(၁၀)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်က ရေဦးမြို့မရဲစခန်းအား လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားရှိသည်။

ရေဦးမြို့နယ် မြို့မခွေးစခန်း နှင့် အောင်ချမ်းသာ အုပ်မှူးရုံးတို့ကို ပကဖ နှင့် PDF ပူးပေါင်းအဖွဲ့တို့က အသီးနှင့်ပစ်ပြီး ၊ ကျည်ဆံဖြင့် တိုက်ခိုက်ခဲ့သည့် PDF/ပကဖတို့ ဘေးကင်းစွာပြန်ရောက်ခဲ့ပါပြီ။

ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

 

တိုက်ခိုက်မှုအတွင်း  ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ဘေးကင်းကြောင်း နှင့်  ဒီပဲယင်းမြို့နယ်အတွင်း အင်ပုတ်ကျေးရွာအထွက်တွင် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ အာဏာသိမ်းအဖွဲ့ဘက်က (၃)ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း ဒီပဲယင်း PDF က လည်း သတင်းထုတ်ပြန်ထားရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်း အာဏာသိမ်းစစ်တပ်မှ ကျေးရွာများတွင် ဝင်ရောက်အကြမ်းဖက်မှုများ ပြုလုပ်နေပြီး ယာဉ်တန်းများလည်း နေ့စဉ် သွားလာလှုပ်ရှားနေသည့်အတွင်  ဒေသတွင်းနေ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းများ မပြုလုပ်ရန် နှင့် မြို့ပေါ် စကစလက်အောက်ခံ ရုံးများအနီးရှိ CCTV များကို ဖြုတ်ထားပေးကြရန်လည်း ဒေသကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားရှိသည်။