မန္တလေးတိုင်းအတွင်း အသံတိတ်သပိတ်ကြောင့် ဖမ်းဆီးခံထားရသည့် ဆိုင်ရှင်များ နှင့် လူမှုကွန်ရက်မှတဆင့် နိုင်ငံရေးစကား ပြောထားသူများကို ရှာဖွေ ဖမ်းဆီးနေ

မန္တလေးတိုင်းအတွင်း အသံတိတ်သပိတ်ကြောင့် ဖမ်းဆီးခံထားရသည့် ဆိုင်ရှင်များ နှင့် လူမှုကွန်ရက်မှတဆင့် နိုင်ငံရေးစကား ပြောထားသူများကို ရှာဖွေ ဖမ်းဆီးနေ
ဖေဖော်ဝါရီ 2, 2022 | အခြားဒေသများ

မန္တလေးတိုင်းအတွင်း အသံတိတ်သပိတ်ကြောင့် ဖမ်းဆီးခံထားရသည့် လုပ်ငန်းရှင်၊ ဆိုင်ရှင်များနှင့် လူမှုကွန်ရက်များကနေ တဆင့် နိုင်ငံရေးအကြောင်း ပြောထားသူများကို လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း ဒေသခံများထံက သိရသည်။၊

ပြင်ဦးလွင်က ဆိုင်ရှင်ဖုန်းမှာ ဖုန်းထဲကနေ နိုင်ငံရေးကိစ္စပြောထားပါတယ်ဆိုပြီး ဆက်စပ်တဲ့သူကို ထပ်ဝင်ဖမ်းတာ တစ်ယောက်အဖမ်းခံရပြီး ကျန်တဲ့သူတွေရှောင်နေရတယ်။ အဆက်စပ်ဆိုတာ CDM လည်း မဟုတ်ဘူး။ PDFလည်း မဟုတ်ဘူး။ သာမာန်ပြည်သူတွေ စကားစပ်မိပြီး ဒီနိုင်ငံရေးအကြောင်းပြောထားတာ

ဟု ရှောင်တိမ်းနေရသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

အသံတိတ်သပိတ်တွင် ဆိုင်ပိတ်မည်ဟု ကြေညာသည့် စျေးဆိုင်ပိုင်ရှင်များကို စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့ပြီး ၎င်းတို့နှင့် ဆက်သွယ်စကားပြောထားသူများအား လက်ကိုင်ဖုန်းမှ တဆင့်စိစစ်ကာ လိုက်လံဖမ်းဆီးနေရာ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့မှ ဖမ်းဆီးခံထားရသည့်  ဆိုင်ရှင်များ၏ ဖုန်းတဆင့် လိုက်လံဖမ်းဆီးနေ၍ အချို့မှ တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင်လည်း အသံတိတ်သပိတ်နေ့တွင် ဆိုင်ပိတ်ခဲ့သည့် လုပ်ငန်းရှင်၊ ဆိုင်ရှင်များကို ယနေ့ ထပ်မံဖမ်းဆီးခဲ့ပြီး ၎င်းတို့ဖုန်းထဲတွင် နိုင်ငံရေးနှင့်ပတ်သက်၍ ပြောဆိုထားသူ မိတ်ဆွေတစ်ဦးကိုပါ ထပ်မံဖမ်းဆီးကာ ပြည်ကြီးတံခွန်မြို့နယ်ရှိ စစ်ကောင်စီတပ်ဆွဲထားသည့် နေရာတွင် ရိုက်နှက်နေကြောင်း ဒေသခံများထံက သိရသည်။