ဟိုပုံးမြို့တွင် ဈေးများ၊ လမ်းများတွင် လူရှင်းနေပြီး တပ်ထောက်ခံပွဲလုပ်သည့် လူတစ်စုသာ သွားလာနေ

ဟိုပုံးမြို့တွင် ဈေးများ၊ လမ်းများတွင် လူရှင်းနေပြီး တပ်ထောက်ခံပွဲလုပ်သည့် လူတစ်စုသာ သွားလာနေ
ဖေဖော်ဝါရီ 1, 2022 | ရှမ်းတောင်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပုံးမြို့တွင် အာဏာသိမ်းတစ်နှစ်ပြည့်သည့် ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဈေးများ၊ လမ်းများတွင် လူသွားလူလာရှင်းလင်းနေပြီး တပ်ထောက်ခံပွဲလုပ်သည့် လူတစ်စုသာ သွားလာနေကြောင်း သိရသည်။

ဈေးထဲရော လမ်းရော သတ်မှတ်ချိန်အတွင်း လူမရှိဘူး ရှင်းလင်းနေတာ။ တပ်ထောက်ခံပွဲလုပ်ကြတဲ့ အဖွဲ့တစ်ဖွဲ့ပဲရှိတယ်။ ထောက်ခံပွဲလုပ်တာလည်း သူတို့တပ်ထဲကလူတွေပဲ

ဟု ဟိုပုံးဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် silent strike မဖြစ်မြောက်စေရေးအတွက် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ဌာနများက ဈေးများ၊ ဆိုင်ခန်းများကို ယနေ့မဖွင့်ပါက ပိုင်ဆိုင်မှုများသိမ်းကာ ပြင်းထန်စွာအရေးယူမည်ဟုဆိုကာ လက်မှတ်ရေးထိုးခိုင်းထား၍ ဆိုင်များဖွင့်ကြသော်လည်း ဈေးဝယ်မရှိ၊ သွားလာသူမရှိဖြစ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။