လွိုင်ကော်မြို့သို့ အင်အားဖြည့်ရန်လာသည့် သံချပ်ကာ နှင့် တင့်ကားပါ ယာဉ်တန်း တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်၏ စစ်ကား(၃)စီး ပျက်ဆီးကာ (၂)ဦး သေဆုံး

လွိုင်ကော်မြို့သို့ အင်အားဖြည့်ရန်လာသည့် သံချပ်ကာ နှင့် တင့်ကားပါ ယာဉ်တန်း တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်၏ စစ်ကား(၃)စီး ပျက်ဆီးကာ (၂)ဦး သေဆုံး
ဇန်နဝါရီ 29, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ဘက်သို့  အင်အားဖြည့်မည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ သံချပ်ကာနှင့် တင့်ကားများပါသည့် ယာဉ်တန်းကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့တွင် KNDF က တိုက်ခိုက်ရာ စစ်ကား (၃)စီး ပျက်စီးသွားပြီး (၂) ဦးသေဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ယင်းအပြင် ကရင်နီ(ကယား)နှင့်နယ်စပ် ရှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်အတွင်း  ရွှေပြည်အေးနှင့် ကုန်းဆုံတိုက်ပွဲအနီးတွင် ဗန်းမောက်ကျေးရွာဖက်မှ စစ်ကြောင်းထိုးလာသော အာဏာသိမ်းစစ်တပ်နှင့် KNDF၊ PDF(ဖယ်ခုံ)တို့ တိုက်ပွဲဖြစ်ရာ အာဏာသိမ်းစစ်ကောင်စီတပ်မှ (၁၀)ဦးထက်မနည်း သေဆုံးသည်ဟု သိရသည်။

အထိနာသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် နံနက် (၉)နာရီခွဲ တိုက်ပွဲများပြီးချိန်တွင် တိုက်လေယာဥ်နှစ်စီးဖြင့် လာ ရောက်တိုက်ခိုက်ခဲ့သည့်အပြင် ဖယ်ခုံတိုက်ပွဲအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်မှ (၁၂၀)မမ လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သဖြင့် ဖယ်ခုံမြို့အတွင်း နေအိမ်များ ပျက်စီးခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ (၂၈) ရက်၊ ညနေပိုင်းကလည်း လွိုင်ကော်မြို့နယ် ကယန်းသာယာ ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF နှင့် PDF (လွိုင်ကော်)တို့က တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြင့်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထိနာသဖြင့် လေကြောင်းပစ်ကူဖြင့် လာရောက်တိုက်ခဲ့ကြောင်း သိရသည်။