ဒီးမော့ဆိုတွင် တစ်နေကုန်တိုက်ပွဲအတွင်း အထိနာသည့် အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ် (၃)စီးဖြင့် လေကြောင်းပစ်ကူ တိုက်ခိုက်

Photo: PDF Loikaw
Photo: PDF Loikaw
ဒီးမော့ဆိုတွင် တစ်နေကုန်တိုက်ပွဲအတွင်း အထိနာသည့် အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ် (၃)စီးဖြင့် လေကြောင်းပစ်ကူ တိုက်ခိုက်
ဇန်နဝါရီ 25, 2022 | အခြားဒေသများ

အာဏာသိမ်း စစ်ကောင်စီတပ်သည် ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ကို ယမန်နေ့က တစ်နေကုန်ပြင်းထန်သည့် တိုက်ပွဲအတွင်း ရဟတ်ယာဉ်ဖြင့် (၃) ကြိမ်ပစ်ခတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ရာနေရာတွင်ကျန်ခဲ့သည့် အရပ်သားများကိုသတ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတ်သည်ဟုဆိုကာ ဝါဒဖြန့်နေကြောင်း သိရသည်။

 

ယမန်နေ့က  ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်မှ ဟိုဖိတ်နှင့် (၅) မြောင်း စိုက်ကွင်းတို့ဘက်သို့ စစ်ကြောင်းထိုးလာသည့်  အာဏာသိမ်း စစ်ကောင်စီတပ်ကို  ကရင်နီတပ်မတော် (KA)၊ KNDF ၊ လွိုင်ကော် PDF ၊ ဒီးမော့ဆို PDF ၊  KGZ နှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့စသည့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့မှ ခုခံတိုက်ခိုက်ခဲ့ရာ နံနက် (၆)နာရီခွဲမှစ၍ တိုက်ပွဲဖြစ်ပွားပြီး အထိနာလာသည့် အာဏာသိမ်းစစ်တပ်က ညနေ (၄) နာရီ (၄၅)မိနစ်တွင်  (၅)မြောင်းကို လေကြောင်းပစ်ကူ ရဟတ်ယာဥ်ဖြင့်  (၃) ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အသေအဆုံးများသည့် အာဏာသိမ်းစစ်တပ်သည် ညနေပိုင်းတွင် လေကြောင်းပစ်ကူအပြင် လက်နက်ကြီးများဖြင့်ပါ အလွန်အကျွံပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင်း တိုက်ခိုက်နေသည့်  အာဏာသိမ်း စစ်ကောင်စီတပ်သည် အရပ်သားများကို ၎င်းတို့ယူနီဖောင်းဝတ်ပေးကာ လမ်းပြအဖြစ်လည်းကောင်း၊ လူသားဒိုင်းအဖြစ်လည်းကောင်းအသုံးပြုသည့်အပြင် စစ်ရှောင်များ၏နေအိမ်များကို ခိုးယူနေသည့် သူခိုးများအား အကာအကွယ်ပေးကာ ခိုးယူစေခြင်းများလုပ်နေသည့်အပြင် အရပ်သားများကိုသတ်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတ်သည်ဟု ဝါဒဖြန့်ခြင်းများလုပ်နေကြောင်း သိရသည်။