ပင်းတယမြို့နယ်အတွင်း ပန်းစစ်ရွာတွင် CDM ရဲဝန်ထမ်း အပါအဝင် (၁၂)ဦး ဖမ်းဆီးခံရ

ပင်းတယမြို့နယ်အတွင်း ပန်းစစ်ရွာတွင် CDM ရဲဝန်ထမ်း အပါအဝင် (၁၂)ဦး ဖမ်းဆီးခံရ
ဇန်နဝါရီ 20, 2022 | ရှမ်းတောင်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း ပန်းစစ်ရွာတွင် CDM ရဲဝန်ထမ်းတစ်ဦး ရွာပြန်လာပြီး နေထိုင်နေသည်ကို သတင်းမပို့၍ ဟုဆိုကာ ဒလန်ဟု နာမည်ထွက်နေသည့် အုပ်ချုပ်ရေးမှူး အပါအဝင် (၁၂)ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ် နှင့် ရဲတို့က ဖမ်းဆီးသွားကြောင်း သိရသည်။



ပန်းစစ်ရွာမှာ ရဲ CDM ဝန်ထမ်းတစ်ဦး ရွာမှာ ပြန်နေ နေတာကို သတင်းမပေးလို့ဆိုပြီး ဒလန်အုပ်ကြီး အပါ ရာအိမ်မှူးရွာသား စုစုပေါင်း (၁၂)ဦး ဖမ်းခံရတယ်။ အုပ်ကြီးက ဒလန်အကြီးစားဗျ၊ သူသတင်းပေးတာ။ အခုက တဖက်လှည့်ထားပုံရတယ်

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဖမ်းဆီးခံရသည့် ရဲ CDM မှာ တပ်သားဖြိုးဝင်းဟု သိရပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့ ညပိုင်းက အင်အားများဖြင့် လာရောက်ဖမ်းဆီးသွားပြီး ယနေ့ ဇန်နဝါရီလ(၂၀)ရက်နေ့ နေ့လည်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာသံ မကြားသေးကြောင်း နှင့် မည်သည့်နေရာတွင် ချုပ်ထားသည်ကို မသိရသေးကြောင်း သိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်ပိုင်းကလည်း ပင်းတယမြို့နယ်အတွင်း ကံသာရွဦမှ (၃)ဦးလည်း အကြောင်းမဲ့ ဖမ်းဆီးခံရကြောင်း သိရသည်။