အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုများ ထိုင်းဘက်ကျရောက်၍ ထိုင်းဘက်က ပြန်လည် သတိပေး ပစ်ခတ်

အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုများ ထိုင်းဘက်ကျရောက်၍ ထိုင်းဘက်က ပြန်လည် သတိပေး ပစ်ခတ်
ဇန်နဝါရီ 14, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုများ ထိုင်းဘက်ကျရောက်၍ ထိုင်းစစ်တပ်က ပြန်လည်တုန့်ပြန်သည့်အနေဖြင့်  သတိပေးပစ်ခတ်ထားကြောင်း ဘန်ကောက်ပိုစ့်သတင်း၏ ဖော်ပြထားချက်အရ သိရသည်။

ထိုင်းနိုင်ငံနှင့်နယ်စပ် ကရင်ပြည်နယ် မြဝတီဘက်တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် KNLA တပ်ဖွဲ့များကြား ဇန်နဝါရီလ (၁၂) ရက်နေ့ည ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများပါ လုပ်နေခြင်းဖြစ်သည်။

နယ်စပ်ဘက်တွင် ယင်းကဲ့သို့ လေကြောင်းမှပါ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံအတွင်း နယ်စပ်ရှိ ကျေးရွာများတွင် ဒေသခံများက ဘန်ကာများအတွင်း ပုန်းအောင်းနေခဲ့ကြရခြင်းဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်းက တိုက်ခိုက်မှုများအတွင်း ပစ်ခတ်မှုများသည် ထိုင်းနယ်စပ်ဘက်သို့ ကျရောက်ခဲ့သဖြင့် ထိုင်းစစ်တပ်က မြန်မာဘက်ကို မီးခိုးဗုံးပစ်၍ သတိပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဘက်တွင် ပြင်းထန်နေသည့်တိုက်ပွဲများကြောင့် မြန်မာစစ်ဘေးရှောင်အများအပြား ထိုင်းဘက်သို့ ခိုလှုံလာကြရကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာဒုက္ခသည်များအား လက်ခံထားသည့် ဒုက္ခသည်စခန်းပေါင်း (၉)ခုရှိနေပြီး ဒုက္ခသည်ပေါင်း (၁) သိန်းနီးပါးရှိနေပြီဖြစ်ကြောင်း သိရသည်။

 

Source: Bangkok Post