ဖရူဆိုမြို့နယ် မိုဆိုရွာအနီး အာဏာသိမ်းစစ်တပ်က အစုလိုက်အပြုံလိုက်မီးရှို့သတ်ခံရမှုတွင် Save the Children ဝန်ထမ်းနှစ်ဦး ပါဝင်သွားကြောင်း အတည်ပြု

ဖရူဆိုမြို့နယ် မိုဆိုရွာအနီး အာဏာသိမ်းစစ်တပ်က အစုလိုက်အပြုံလိုက်မီးရှို့သတ်ခံရမှုတွင် Save the Children ဝန်ထမ်းနှစ်ဦး ပါဝင်သွားကြောင်း အတည်ပြု
ဒီဇင်ဘာ 28, 2021 | ကယား

ကရင်နီ (ကယား)ပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင်  အာဏာသိမ်းစစ်တပ်က ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ (၃၅) ဦးထက်မနည်းကို မီးရှို့လိုက်သည့်အထဲတွင်  Save the Children ဝန်ထမ်းနှစ်ဦး ပါဝင်ကြောင်း ယနေ့အတည်ပြုထုတ်ပြန်သည်။

ကျွန်ုပ်တို့၏ ဝန်ထမ်းနှစ်ဦးသည် ကလေးသူငယ်များ၏ ပညာရေးတိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသူများဖြစ်သလို မကြာသေးမီကမှ မွေးဖွားလာသည့် ကလေးငယ်၏ ဖခင်လည်း ဖြစ်ကြသည်။  ဝန်ထမ်းတစ်ဦးသည် အသက် ၃၂ နှစ်အရွယ်ဖြစ်ကာ ၎င်းသည် ၁၀ လအရွယ် သားယောကျာ်းလေး၏ ဖခင်ဖြစ်ပြီး Save the Children နှင့် လက်တွဲ ဆောင်ရွက်နေသည်မှာ နှစ်နှစ်ခန့်ရှိပြီ ဖြစ်သည်။ နောက်ထပ် ဝန်ထမ်းတစ်ဦးသည် အသက် ၂၈ နှစ်အရွယ်ဖြစ်ပြီး သုံးလသားအရွယ် သမီးငယ်၏ ဖခင်ဖြစ်ကာ အဖွဲ့အစည်းတွင် ခြောက်နှစ်ခန့် အတူလက်တွဲ ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဘေးကင်းလုံခြုံရေး အခြေအနေ အရပ်အရပ်ကြောင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်အသေးစိတ်ကို ဖော်ပြမည်မဟုတ်ပါ။

ဟု Save the Children Myanmar ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါဝန်ထမ်းနှစ်ဦးသည် အနီးအနားရှိ ရပ်ရွာများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်အပြီး တာဝန်ထမ်းဆောင်ရာရုံးသို့ပြန်စဉ် ယင်းတိုက်ခိုက်မှု အဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဤသတင်းသည် အင်မတန်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်သည်။ အပြစ်မဲ့ ပြည်သူများနှင့် အကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဝန်ထမ်းများအပေါ် အကြမ်းဖက်မှု ကျူးလွန် ခြင်းသည် မည်သို့မျှ လက်ခံနိုင်ဖွယ်မဟုတ်ပါ။ ယခုကဲ့သို့ ကျိုးကြောင်းဆင်ခြင်မဲ့ တိုက်ခိုက်မှုသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။ အပြစ်မဲ့ ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိသည့် သန်းပေါင်းများစွာသော ကလေးသူငယ်များအား ကူညီပံ့ပိုးရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကျွန်မတို့ ဝန်ထမ်းများအား ဤသို့အကြမ်းဖက် ကျူးလွန်မှု အပေါ် လွန်စွာမှ ထိတ်လန့်တုန်လှုပ်မိသည်။

ဟု Save the Children ၏ အမှုဆောင်ချုပ် (Chief Executive) ဖြစ်သည့် Inger Ashing က ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေပြီ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ကျူးလွန်သူများအား အရေးယူရန် မိမိတို့လုပ်ဆောင်ရမည့် အဆင့်များကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ရန်၊ အဖွဲ့ဝင်နိုင်ငံများသည် လက်နက်ရောင်းဝယ်ခြင်းကို ပိတ်ဆို့မှုများ အထူးအလေးပေးလုပ်ဆောင်ရန်၊ အာဆီယံအနေဖြင့် ပြီးခဲ့သည့်ဧပြီလက သဘောတူဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် အာဆီယံအထူးသံတမန်အနေဖြင့် သံတမန်ရေးရာနည်းဖြင့် ကြားဝင်ဖြေရှင်းပေးရေးအပါအဝင် သဘောတူညီချက် အချက်ငါးချက် ကို ပြန်လည်သုံးသပ်ရန်နှင့် အရေးယူ ဆောင်ရွက်ရန် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပရမည်ဖြစ်သည်ဟုလည်း တိုက်တွန်းထားသည်။