ထိုးစစ်ဆင် တိုက်ပွဲအတွင်း စွန့်ပစ်ထားခဲ့သည့် အာဏာသိမ်းစစ်တပ်၏ အလောင်းများကို MNDAA က မြေမြှုပ်  သင်္ဂြိုဟ်ပေးနေရ

ထိုးစစ်ဆင် တိုက်ပွဲအတွင်း စွန့်ပစ်ထားခဲ့သည့် အာဏာသိမ်းစစ်တပ်၏ အလောင်းများကို MNDAA က မြေမြှုပ်  သင်္ဂြိုဟ်ပေးနေရ
ဒီဇင်ဘာ 22, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊  ကိုးကန့်ခရိုင်တွင် အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် လေကြောင်း၊ ကုန်းကြောင်းများဖြင့် ပြင်းထန်စွာထိုးစစ်ဆင်ခဲ့သည့်တိုက်ပွဲအတွင်း သေဆုံးသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ၏ အလောင်းများကို ကောက်ယူသွားနိုင်ခြင်းမရှိဘဲ စွန့်ပစ် ထားခဲ့ရာ ကိုးကန့် MNDAA က ကောက်ယူ မြုပ်နှံသင်္ဂြိုဟ်ပေးနေရကြောင်း သိရသည်။

ယင်းတိုက်ပွဲအပြီးတွင် နှစ်ဖက်စစ်ရေး အနည်းငယ်လျော့လာချိန်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA(ကိုးကန့်)သည်   စစ်မြေပြင်ရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်ကောင်စီမှ စွန့်လွတ်ခဲ့သော လက်နက်ခဲယမ်းအနည်းငယ်ထပ်မံသိမ်းဆည်းရမိသည့်အပြင် စွန့်ပစ်ထားသည့် အာဏာသိမ်းစစ်တပ်၏ အလောင်းများကိုပါ မြုပ်နှံပေးကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဒီဇင်ဘာလ (၁၉) ရက်နေ့က ကိုးကန့် MNDAA ၏ မန်ရန်တပ်စခန်းကို ပြင်းထန်စွာတိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲအရှိန်လျော့လာသော်လည်း အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာလ (၂၀) ရက်နှင့် (၂၁) ရက်နေ့တို့တွင် MNDAA၏ မန်ရန်တပ်စခန်းနှင့် ရှိကျိကျတောင်တန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်ပြီး နှစ်ရက်အတွင်း စုစုပေါင်းပစ်ခတ်သော လက်နက်ကြီးကျည်သည် (၁၀၀)ကျော်ခန့်ရှိသည်ဟုလည်း သိရသည်။