ဝမ်းတွင်းမြို့တွင် NLD ပါတီဝင် အမျိုးသမီးတစ်ဦးကို PDF နှင့် ပတ်သက်၍ဟုဆိုကာ နေအိမ်အား ချိတ်ပိတ်ပြီး ဖုန်းနှင့်ကျပ်(၄)သိန်းကို အာဏာသိမ်းအဖွဲ့က ယူသွား

ဝမ်းတွင်းမြို့တွင် NLD ပါတီဝင် အမျိုးသမီးတစ်ဦးကို PDF နှင့် ပတ်သက်၍ဟုဆိုကာ နေအိမ်အား ချိတ်ပိတ်ပြီး ဖုန်းနှင့်ကျပ်(၄)သိန်းကို အာဏာသိမ်းအဖွဲ့က ယူသွား
ဒီဇင်ဘာ 5, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း ညောင်အုပ်ဖီးကျေးရွာမှ နေအိမ်တစ်အိမ်အား PDF နှင့် ပတ်သက် ဆက်သွယ်၍ဟုဆိုကာ နေအိမ်အား ချိတ်ပိတ်ပြီး ဖုန်းတစ်လုံးနှင့်ငွေလေးသိန်းကို အာဏာသိမ်းအဖွဲ့က ယူသွားသည်။

ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးကျေးရွာအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ပါတီဝင်တစ်ဦးဖြစ်သူ မမြင့်မြင့်သိန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ပတ်သက်ဆက်သွယ်မှု ရှိသည်ဟု စွပ်စွဲကာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည်(၂)နာရီကျော်က (၁၅၈)ပေ x (၇၀)ပေရှိသည့် ခြံဝန်းအကျယ်ကို အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံ ရဲတပ်ဖွဲ့တို့က လာရောက်ပြီး ချိတ်ပိတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့မှ လာရောက် ချိတ်ပိတ်ချိန်တွင် နေအိမ်၌ မမြင့်မြင့်သန်း အပါအဝင် တစ်ဦးမှ မရှိကြောင်းနှင့် နေအိမ်တွင် မည်သူမှ မရှိချိန် အာဏာသိမ်းစစ်တပ် နှင့် ရဲများက အိမ်အတွင်းဝင်ရောက် ရှာဖွေပြီး NLD ရင်ထိုး၊ NLD အလံအသေး၊ NLD တံဆိပ်ပါသည့် Mask အပြင်  မမြင့်မြင့်သိန်း မိခင်၏ လက်ကိုင်ဖုန်း နှင့် ငွေကျပ်(၄)သိန်းတို့ကိုလည်း ယူဆောင်သွားခြင်း ဖြစ်ကြောင်း   Tachileik News Agency ၏ သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

အာဏာသိမ်းစစ်တပ်နှင့်လက်အောက်ခံ ရဲတပ်ဖွဲ့တို့သည် အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်သူ  နှင့် NLD ပါတီဝင်  အချို့အား NUG, CRPH, PDF တို့နှင့် ပတ်သက်ဆက်သွယ်သည်ဟု စွပ်စွဲကာ နေအိမ် နှင့် လုပ်ငန်းများကို ချိတ်ပိတ်မှုများ ၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်းက စ၍ လုပ်ဆောင်နေသည်။