တီးတိန်မြို့နယ် အပ်လွယ်ကျေးရွာတွင် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်အမျိုးသမီးကို မိသားစုရှေ့တွင် အဓမ္မပြုကျင့်မှု ထပ်မံ ပေါ်ပေါက်

ပုံအညွှန်း - တီးတိန်မြို့နယ် အပ်လွယ်ကျေးရွာ
ပုံအညွှန်း - တီးတိန်မြို့နယ် အပ်လွယ်ကျေးရွာ
တီးတိန်မြို့နယ် အပ်လွယ်ကျေးရွာတွင် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်အမျိုးသမီးကို မိသားစုရှေ့တွင် အဓမ္မပြုကျင့်မှု ထပ်မံ ပေါ်ပေါက်
နိုဝင်ဘာ 17, 2021 | အခြားဒေသများ
By Tachileik News Agency

တီးတိန်မြို့နယ် အပ်လွယ်ကျေးရွာတွင် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်အမျိုးသမီးကို မိသားစုရှေ့တွင် အဓမ္မပြုကျင့်မှု ထပ်မံ ပေါ်ပေါက်

ချင်းပြည်နယ် (မြောက်ပိုင်း) တီးတိန်မြို့နယ် Siyin နယ်မြေ အပ်လွယ် (Aklui khua)ကျေးရွာတွင် အာဏာသိမ်းစစ်တပ်က ကလေးမိခင်တစ်ဦးအား ခင်ပွန်းရှေ့တွင် အဓမ္မပြုကျင့်သည့်နည်းတူ ကလေး (၄) ယောက်၏မိခင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုလည်း အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

အပ်လွယ်ကျေးရွာတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့က မီးဖွားပြီးစမိခင်တစ်ဦး၏ နေအိမ်ကို အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင် (၃) ဦးက (၂)ကြိမ်လာရောက်ပြီး  ခင်ပွန်းသည်ရှေ့တွင် အဓမ္မပြုကျင့်သွားကြပြီး ယင်းနေ့မှာပင် အခြားနေအိမ်တစ်ခုမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုလည်း ကလေးငယ် (၄)ဦးနှင့် ခင်ပွန်းဖြစ်သူရှေ့တွင် အဓမ္မပြုကျင့်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်တာက တစ်နေ့ထဲပဲ ဖြစ်သွားတာ။ အဲဒီလိုဖြစ်သွားတော့ သူတို့က ပတ်ဝန်းကျင်လည်း ကြောက်တယ်။ ဘယ်လိုရင်ဆိုင်ရမှန်းလည်း မသိဘူး။  PDF နဲ့ ဆက်သွယ်ပြောရမှန်းလည်း သူတို့မသိဘူး။ သူတို့က တအားရှက်ပြီးတော့မှ  ထွက်ပြေးတယ်။ တခြားတစ်ယောက်လည်း ဖြစ်သေးတယ်ဆိုတာ ကြားလို့ စုံစမ်းမှ ဒီနေ့မှ အဆက်အသွယ်ရပြီး မေးနိုင်ခဲ့တာ။

ဟု Civic Defense Militia -CDM -Siyin မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၁၇)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

အပ်လွယ်ကျေးရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ နေအိမ်ကို နိုဝင်ဘာလ (၁၁) ရက်နေ့ည (၁၁)နာရီခွဲဝန်းကျင်က အာဏာသိမ်းတပ်၏ တပ်ဖွဲ့ဝင် (၃) ဦးက တံခါးဖွင့်ခိုင်းရာ မဖွင့်သဖြင့် ရေချိုးခန်းတံခါးဖျက်၍ အိမ်ထဲဝင်လာခဲ့ကြကာ ဖုန်းနဲ့ပိုက်ဆံတောင်းသည့်အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရသည်။

တပ်ဖွဲ့ဝင်တစ်ဦးက ကိုယ်ဝန်ဆောင်အမျိုးသမီးအား သနားသဖြင့် မလုပ်ရန် တားမြစ်ရာ (၃) ဦးလုံးပြန်သွားခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ည (၁၂)နာရီ (၄၅) မိနစ်တွင် ပထမတစ်ခေါက်က ပြုကျင့်ရန်ကြိုးစားသည့် အာဏာသိမ်းတပ်ဖွဲ့ဝင် (၂) ဦးက ပါးစပ်ကိုပိတ်ရန် တိပ်ခွေကိုပါယူ၍ပြန်လာကာ သေနတ်ဖြင့် ခြိမ်းခြောက်၍ အိမ်တံခါးဖွင့်ခိုင်းပြီး အိမ်ရှင်အမျိုးသားကို သေနတ်ဖြင့်ချိန်၍ ကြမ်းပြင်တွင်မှောက်နေစေကာ  အသက် (၁၀)နှစ်အောက် ကလေးငယ် (၄) ဦးကိုလည်း ငိုပါက အကုန်ပစ်သတ်မည်ဟု ခြိမ်းခြောက်ကာ ခင်ပွန်းနှင့် သားသမီးများရှေ့တွင် ကိုယ်ဝန်ဆောင်မိခင်ကို အဓမ္မပြုကျင့်ခဲ့ကြကြောင်း သိရသည်။

ကျွန်တော်တို့ ထုတ်ပြန်ချက်မှာ သိရတဲ့အတိုင်း အကုန်ရေးလို့ မသင့်တော်လို့ပါ။ အမျိုးသမီးမှာ ဆိုးဆိုးဝါးဝါးထိခိုက်ဒဏ်ရာရသွားတယ်။ ကလေးတွေလည်းအတူရှိနေတော့ ကလေးတွေကိုလည်း ငိုရင်အကုန်ပစ်သတ်မယ်ဆိုပြီး ခွေးတွေက ခြိမ်းခြောက်ထားတယ်။ အမျိုးသားကိုလည်း သူတို့လုပ်တာတွေကို ကျေနပ်လားမေးပြီး မဖြေတော့ ခြိမ်းခြောက်လို့ သူ့နဲ့အတူကလေးတွေလည်းရှိတော့ မျက်ရည်နဲ့မျက်ခွက် ဖြေခဲ့ရတယ်လို့ သိရတယ်

ဟု Civic Defense Militia -CDM -Siyin မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များက အိမ်ရှင်အမျိုးသားကို ကြမ်းပြင်တွင် မှောက်ခိုင်းကာ သေနတ်ဒင်ဖြင့် ခေါင်းကိုထုခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်းစသည့်  စတဲ့နှိပ်စက်မှုကို ပြုလုပ်ပြီး အိမ်ရှင် ကိုယ်ဝန်ဆောင် အမျိုးသမီးကို အဓမ္မကျင့်ပြီး နားကပ်ကိုပါ ချွတ်ယူသွားကြောင်း သိရသည်။

ယင်းနေ့မှာပင် အာဏာသိမ်းတပ်ဖွဲ့ဝင် (၃) ဦးက ည (၁၁)နာရီဝန်းကျင်နှင့် ည (၁၂)နာရီအချိန်တို့၌  နေအိမ်တစ်လုံးကို သေနတ်ဖြင့်ခြိမ်းခြောက်ဝင်စီးပြီး  တစ်လခွဲအရွယ် ကလေးငယ်၏မိခင်ဖြစ်သူကို ခင်ပွန်းဖြစ်သူရှေ့တွင် အဓမ္မကျင့်ကာ လက်ဝတ်လက်စားများလည်း ချွတ်ယူသွားကြောင်း သိရသည်။

အဆိုပါ အဓမ္မပြုကျင့် ပစ္စည်းလုယူမှု ကျူးလွန်သည့် အာဏာသိမ်းတပ်ဖွဲ့ဝင် (၃) ဦးမှာ အတူတူပင်ဖြစ်ကြပြီး လက်မောင်း၌ (၂၂) ဆိုသည့် အမှတ်တံဆိပ်ပါသည်ဟုသိထားရသော်လည်း  ဆက်လက် အတည်ပြု စုံစမ်းနေသည့်အပြင် အလားတူ ကျူးလွန်မှုများ ရှိ၊မရှိကိုလည်း Civic Defense Militia -CDM -Siyin က စုံစမ်းနေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါမိသားစု (၂)စုလုံးကို လုံခြုံဘေးကင်းရာသို့ပို့ထားပြီး လိုအပ်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုများလုပ်ပေးနေသည်ဟု Civic Defense Militia -CDM -Siyin ထံမှ သိရသည်။

အပ်လွယ်ကျေးရွာတွင် နိုဝင်ဘာလ (၆) ရက်နေ့က ရွာလုံခြုံရေးဟုဆိုကာ အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များက စစ်ကား (၈)စီးဝန်းကျင်ဖြင့် ရောက်လာပြီးနောက် နိုဝင်ဘာလ (၁၁) ရက်နေ့ညတွင် အဆိုပါရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် မီးဖွားပြီးစမိခင်တစ်ဦးတို့ကို မိသားစုများရှေ့တွင်ပင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ပစ္စည်းများပါ လုယူသွားမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာမှာ တီးတိန်မြို့အဝင်လမ်းမကြီးဘေးမှ အိမ်ခြေအနည်းငယ်သာရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ရွာတွင်းဝင်လာပြီး ရမ်းကားနေမှုများကြောင့် ဒေသခံများမှာ တိမ်းရှောင်နေကြရကြောင်း သိရသည်။

 

ဆက်စပ်သတင်း