ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်တို့ တစ်နေကုန် တိုက်ပွဲပြင်းထန်

ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်တို့ တစ်နေကုန် တိုက်ပွဲပြင်းထန်
နိုဝင်ဘာ 4, 2021 | ကယား

ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာများအနီးတွင် ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်အား ဒေသကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ နံနက် (၈)နာရီမှစ၍ ညနေ (၆) နာရီအထိ တစ်နေကုန် တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

ယနေ့ တိုက်ပွဲတွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ဖယ်ခုံ PDF ၊ မိုးဗြဲ PDF ၊ ဒီးမောဆို PDF ၊ လွိုင်ကော် PDF နှင့် အလယ်ပိုင်းတိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့၊ အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီတပ်မတော်(KA)နှင့် KGZ တို့ အပြင် တော်လှန်ရေးအင်အားစုများပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ တိုက်ပွဲအတွင်း အာဏာသိမ်းတပ်ဘက်က ထိခိုက် သေဆုံးသူ အများအပြားရှိနိုင်ပြီး  ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက် ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်သာရှိကြောင်း သိရသည်။

ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်က ဖယ်ခုံမြို့နယ် လွယ်ဝှဲကျေးရွာကို မီးရှို့ခဲ့သည့်အပြင် ရွာရှိနေအိမ်အားလုံးနီးပါးရှိ တံခါးများချိုးဖျက်ဝင်ရောက်ပြီး ဗီဒိုနှင့်သေတ္တာများကိုပါဖွင့်၍ပစ္စည်းများ ယူဆောင်ခြင်း၊ တောင်ယာစပါးနှင့် တဲများကို မီးရှို့ခြင်းစသည့် ရမ်းကားမှုများ လုပ်ဆောင်နေသဖြင့်  ခေါင်းအိ ၊ စက်တော်၊ လွယ်လုံ၊ လွယ်ဝှဲ၊ ကုန်းဆုံကျေးရွာအုပ်စု၊ ကုန်းဆုံ၊ လွယ်ပါသာ ၊ပူချယ်၊ ကသဲ၊ ရွှေပြည်အေးကျေးရွာများအပြင် ဖယ်ခုံမြို့တို့မှ ပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။



Photo: PDF Loikaw , PDF Pekhon