ကျိုင်းတုံတွင် ပုဂ္ဂလိကအမှိုက်သိမ်းကုမ္ပဏီက အမှိုက်သိမ်းခနှစ်ဆအဖြစ် ကျပ် ၄၀၀၀ အထိ တိုးမြှင့်ရာမှ ကျပ် ၃၀၀၀ သို့ ပြန်ပြင် သတ်မှတ်

ကျိုင်းတုံတွင် ပုဂ္ဂလိကအမှိုက်သိမ်းကုမ္ပဏီက အမှိုက်သိမ်းခနှစ်ဆအဖြစ် ကျပ် ၄၀၀၀ အထိ တိုးမြှင့်ရာမှ ကျပ် ၃၀၀၀ သို့ ပြန်ပြင် သတ်မှတ်
စက်တင်ဘာ 18, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်ခွင့်ရထားသည့် ပုဂ္ဂလိကကုမ္ပဏီဖြစ်သည့် စိန်ရေကန်က အမှိုက်သိမ်းခကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍  နှစ်ဆတိုးမြှင့်၍ ကျပ် (၄၀၀၀) ကောက်ခံခြင်းကို အောက်တိုဘာလမှစ၍ ကျပ် (၃၀၀၀) သို့ ပြန်ပြင်သတ်မှတ်ထားသည်ဟု သိရသည်။

စိန်ရေကန်က အမှိုက်သိမ်းကုမ္ပဏီက စက်သုံးဆီစျေးနှုန်း၊ အမှိုက်သိမ်းယာဥ်များဝယ်ယူရခြင်း၊ ဝန်ထမ်းလစာလုပ်ခများအတွက် ကုန်ကျစရိတ်မှာ ကောက်ခံရငွေနှင့် မကာမိ၍ နှစ်ဆတိုးမြှင့်မည်ဟု ကျိုင်းတုံစည်ပင်သာယာရေးဌာနထံ တင်ပြထား၍ ဈေးနှုန်းကိုနှစ်ဆတိုးမြှင့်ခြင်းအစား ကျပ် (၃၀၀၀)သာသတ်မှတ်ရန် ညှိနှိုင်းဆွေးနွေးထားသည်ဟု ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်စည်ပင်သာယာဌာနက ထုတ်ပြန်သည်။

သို့သော် ကုမ္ပဏီက အမှိုက်သိမ်းခကို စက်တင်ဘာလအတွင်း  နှစ်ဆတိုးမြှင့်သတ်မှတ်နှုန်း ကျပ် (၄၀၀၀)ဖြင့် ကောက်ခံထားရာ လာမည့်လတွင် ကျပ် (၃၀၀၀) ကောက်ခံမည်ဖြစ်ပြီး စက်တင်ဘာလအတွင်းက ကောက်ခံထားသည့် အမှိုက်သိမ်းခမှ ကျပ် (၁၀၀၀) ကို ခုနှိမ်မည်ဟု ဆိုသည်။

အဆိုပါ အမှိုက်သိမ်းကုမ္ပဏီအနေဖြင့် ပုံမှန်အမှိုက်မသိမ်းခြင်း၊ အမှိုက်သိမ်းရာတွင် အချို့အမှိုက်များ ချန်ထားခဲ့ခြင်းများရှိနေသည်ဟု ဒေသခံများက အဆိုပါကုမ္ပဏီ၏ဝန်ဆောင်မှုများ ဝေဖန်နေကြချိန်တွင် အမှိုက်သိမ်းခကို နှစ်ဆတိုးမြှင့်သတ်မှတ်လာခြင်းဖြစ်ကြောင်း သိရသည်။

အမှိုက်သိမ်းဆည်းခနှုန်းထား တိုးမြှင့်ကောက်ခံပါက ဝန်ဆောင်မှုပိုကောင်းရန်ကိုလည်း အမှိုက်သိမ်းဆည်းခွင့်ရ ကုမ္ပဏီအား ညွှန်ကြားထားသည်ဟု စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။