ဒီးမော့ဆိုမြို့မှ လူငယ် (၃) ဦးကို အာဏာသိမ်းတပ်က ဖမ်းသွားပြီးနောက်  ပျောက်ဆုံးနေ

ဒီးမော့ဆိုမြို့မှ လူငယ် (၃) ဦးကို အာဏာသိမ်းတပ်က ဖမ်းသွားပြီးနောက်  ပျောက်ဆုံးနေ
စက်တင်ဘာ 12, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပါဒေါဒူကျေးရွာမှ အသက်မပြည့်သေးသူ (၂) ဦးအပါအဝင် စုစုပေါင်း လူငယ် (၃) ဦးမှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့က ဒီးမော့ဆိုမြို့ပေါ်တွင် အာဏာသိမ်းစစ်တပ်က ဖမ်းသွားပြီးကတည်းနောက် သတင်းမကြားရတော့ဘဲဖြစ်နေကြောင်း သိရသည်။

နေ့တိုင်း ဖမ်းခံနေရတာတွေရှိနေတယ်။ လူသိတာရော၊ မသိတာရောရှိတယ်။ စစ်တပ်ကပဲ ဖမ်းနေတာ။ ရဲစခန်းမှာလည်း စစ်တပ်ပဲရှိတာ

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၁၂) ရက်နေ့တွင် ဒီးမော့ဆိုအခြေအနေကို ပြောပြသည်။

ဒီးမော့ဆိုမြို့အနီးရှိ ပါဒေါဒူရွာမှ အသက် (၁၆)နှစ်အရွယ် မောရစ်၊ အသက် (၁၇) နှစ်အရွယ် လိရယ်နှင့် အသက် (၁၈) နှစ်အရွယ် မိုက်ကယ်တို့ကို အာဏာသိမ်းစစ်တပ်က ဒီးမော့ဆိုမြို့ပေါ် မီးပွိုင့်လမ်းထောင့်တွင် စက်တင်ဘာလ (၁၀) ရက်နေ့က သေနတ်ဖြင့် ထုရိုက်ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရထားသည့် လူငယ် (၃) ဦးကို အာဏာသိမ်းစစ်တပ် တပ်စွဲထားသည့် ရဲစခန်းဘက်သို့ ခေါ်ဆောင်သွားသည်ကို တွေ့ရပြီးနောက် အဆက်အသွယ်မရတော့ကြောင်း သိရသည်။



စက်တင်ဘာလ (၁၁) ရက်နေ့ကလည်း လူမှုကွန်ရက်စာမျက်နှာတွင် ညှင်းပန်းနှိပ်စက်ခံထားရပြီး လက်ကိုကြိုးတုပ်ခံထားရကာ လက်သုံးချောင်းထောင်ထားသည့် လူငယ် (၂) ဦး၏ဓါတ်ပုံ ပျံ့နှံ့လာရာမှ အဆိုပါလူငယ် (၂) ဦးမှာ ဒီးမော့ဆိုမြို့နယ် (၆) မိုင်စံပြကျေးရွာမှ စက်တင်ဘာလ(၈)ရက်နေ့တွင် ပျောက်ဆုံးနေသည့် ဖီးဒေးလယ်နှင့် ပါစကွားလယ်တို့ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသော်လည်း အဆိုပါလူငယ် (၂) ဦး၏ အခြေအနေနှင့် မည်သည့်နေရာတွင် ထားသည်ကို အတည်မပြုနိုင်သေးဘဲဖြစ်နေသည်။

 အာဏာသိမ်းစစ်တပ်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ ကြားသိရသည့်သတင်းအရ ဖီဒေးလယ်နှင့် ပါစကွားလယ်တို့အား ခြေမြန်တပ်ရင်း ခမရ ၄၂၇ တွင်ဖမ်းထားကြောင်းနှင့် အမည်မသိရသည့် အခြားလူငယ်နှစ်ဦးကိုလည်း ခမရ ၁၀၂ တွင် ဖမ်းထားသည်ဟု သိရသည်။